
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက ကုန်ကားတွေပေါ်ပါလာတဲ့ ကုန်ပစ္စည်းတွေကို လုယက်သိမ်းဆည်းသွားတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။
“သူတို့(စစ်ကောင်စီ)စစ်ကြောင်းက စက်စက်ယိုရွာနဲ့ ပတ်ဝန်းကျင်မှာရှိတယ်။ စစ်ကြောင်းထိုးနေတာလို့ သိရတယ်။ စစ်ဆေးရေးဂိတ်မဟုတ်ဘူး။ ကားလမ်းပေါ်ဖြတ်သွားတဲ့ ကုန်ကားတွေကိုတားပြီး ကားပေါ်ပါလာတာတွေ အကုန်သယ်သွားတာ။”
လေးမျက်နှာမြို့ထဲက စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေ ရိက္ခာပြတ်လပ်သွားတာကြောင့် အခုလို စစ်ကြောင်းထိုးပြီး ကားတွေကိုရပ်တန့်ခိုင်းကာ ကုန်ကားပေါ်ပါပစ္စည်းတွေ သိမ်းဆည်းသွားတာလို့ တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ရေး သတင်းရင်းမြစ်တယောက်က “လေးမျက်နှာမြို့နယ်က တပ်သားတွေ ရိက္ခာပြတ်နေတာလို့ သိရတယ်။ အရပ်သားတွေရဲ့အိမ်တွေထဲက ပစ္စည်းတွေကို ယူတာရှိသလို၊ တိရစ္ဆာန်တွေကို သတ်ဖြတ်ယူတာတွေလည်းရှိတယ်။ သူတို့ယူလို့ကုန်နေပြီဆိုတော့ အခုအကုန်ကားတွေဘက်ကို လှည့်တာ” လို့ ပြောပါတယ်။
ကုန်ကားတွေထဲက ကုန်ပစ္စည်းတွေကို လုယက်သိမ်းယူသွားတဲ့အပြင် ကုန်ကားသမား ၃ ယောက်ကိုလည်း ဖမ်းဆီးထားပြီး ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ဆိုပါတယ်။
ကားတွေပေါ်မှာ ဆန်တွေ၊ စက်သုံးဆီတွေနဲ့ တခြားစားသောက်ကုန်ပစ္စည်းတွေ ပါလာတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် ဒေသအချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo : KKL


