
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အမျိုးသမီး ၂ ယောက် အပါအဝင် အရပ်သား ၇ ယောက်ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်မှာ သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သား ၇ ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ဖေဖော်ဝါရီ ၂၈ ရက်က ရာဘာတောထဲမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အလောင်းတွေတော့ ရွာရောက်ပြီ။ နားကပ်တွေကအစ ချွတ်ထားပြီး နားတွေပါ လှီးထားတာ။ ဒဏ်ရာတွေက ခေါင်းတခုတည်း ပစ်သတ်ခံထားရတာပါ”လို့ ဆိုပါတယ်။
အသတ်ခံရသူတွေထဲမှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ ဖြစ်ကြပြီး သဲမင်းကုန်းရွာနဲ့ ဆီတောရွာက စစ်ရှောင်တွေ ဖြစ်ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နဲ့ ဒေသခံတွေဆီက သိရပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “စစ်တပ်ရဲ့ ခလရ ၄၀၉ ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းထိုးလာပြီး အပြစ်မဲ့ ပြည်သူတွေကို ပစ်သတ်သွားတာပါ”လို့ ပြောပါတယ်။
သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်နေပါတယ်။


