
စစ်ကိုင်းတိုင်း၊ အရာတော်-ထီးဆောင်း ကားလမ်းဘေးမှာရှိတဲ့ မင်းရွာအနီးကို စစ်တပ်က ဖေဖော်ဝါရီ ၂၈ ရက် ည ၃ နာရီခွဲလောက်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲချလို့ ခရီးသွား ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အရာတော်ပအဖကနေ သိရပါတယ်။
မျက်မြင်တွေ့သူတယောက်က “နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးသီးကြဲချသွားတာဗျ။ အဲလို လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားအပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရသွားတာရှိတယ်ဗျ။ နောက်ပြီး ကားတစီးလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
မြေပြင်တိုက်ပွဲ မရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာ ဖြစ်တယ်လို့လည်း အရာတော် ပအဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ခရီးသွားကားတွေကို တိုက်ခိုက်သွားတာ။ သေတာက ၂ ယောက်၊ အပြင်းအထန် ဒဏ်ရာရတာက ၂ ယောက်နဲ့ အသေးစားထိခိုက်ရှနာဖြစ်သွားတဲ့ ခရီးသည်တွေလည်း ရှိသေးတယ်။ အားလုံးကိုတော့ ကူညီဆောင်ရွက်ပေးထားပါတယ်။”
စစ်ကောင်စီတပ်ဟာ စစ်ကိုင်း-ဝက်လက်-ရွှေဘိုလမ်းနဲ့ မြင်မူ-အရာတော်-နောင်ကြီးအိုင် လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံ တော်လှန်ရေးတပ်တွေက ပြောပါတယ်။


