
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးတန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အယောက် ၂၀ အထိ ရှိလာတယ်လို့ ယိုးငူကျေးရွာသားတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်က ယိုးငူကျေးရွာဈေးတန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ယောက် အပါအဝင် အရပ်သား ၁၇ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ၁၅ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အထဲက ဆေးကုသမှုခံယူနေကြတဲ့ ကလေးတယောက်၊ အမျိုးသမီးတယောက်နဲ့ သက်ကြီးပိုင်း အမျိုးသားတယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ယိုးငူကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။
“စုစုပေါင်း သေဆုံးသူက ၂၀ ဦးအထိ ရှိလာပြီဗျာ။ အခင်းဖြစ်တဲ့နေရာမှာတင် ၁၇ ဦး သေဆုံးခဲ့ပြီးတော့ ဆေးကုသနေတဲ့အထဲက မိန်းကလေးငယ်တဦး၊ အမျိုးသမီးတဦးနဲ့ သက်ကြီးပိုင်း အမျိုးသားတဦး ထပ်မံသေဆုံးခဲ့တာရှိတယ်။ တခြား အသက်အန္တရာယ်စိုးရိမ်ရသေးတဲ့ လူနာတွေလည်း ရှိသေးတယ်။”
ယိုးငူကျေးရွာက ဆေးကုသမှုခံနေရင်း သေဆုံးသွားသူတွေမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တယောက်၊ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၈၀ အရွယ် အမျိုးသားတယောက်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အိမ်နဲ့ ဈေးဆိုင်ပေါင်း ၁၇ ဆောင် မီးလောင်ဆုံးရှုံခဲ့းတယ်လို့လည်း သိရပါတယ်။
ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဟာ ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ် မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်ခံရမှုလည်း ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ရခိုင်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေနဲ့ တိုက်ပွဲပြင်းထန်နေဆဲ ကျောက်ဖြူမြို့နယ်တို့မှာ အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေကို ပစ်မှတ်ထားပြီး နေ့တိုင်း တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ဆက်တိုက်ဆိုသလို မြင့်တက်လာနေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးအရ လေကြောင်းတိုက်ခိုက်လာတာကြောင့် ဗုံးခိုကျင်းတွေနဲ့ ကတုတ်ကျင်းတွေ တူးဖော်ထားကြဖို့နဲ့ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကိုလည်း ဒေသအာဏာပိုင်တွေဘက်က သတိပေးထားပါတယ်။


