
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ စက်တော်ရာတောင်ကုန်းကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက် မိုးဗြဲမြို့အနောက်ခြမ်းကို စစ်ကြောင်းဆက်ထိုးလာနေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စက်တော်ရာတောင်ကုန်းနဲ့ ကင်းစခန်း ၈ ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ပြီး မိုးဗြဲမြို့စောင့်တပ် ခမရ ၄၂၂ တပ်ရင်းကလွဲလို့ မိုးဗြဲမြို့ကို ထိန်းချုပ်ခဲ့ပါတယ်။
အခု တော်လှန်ရေးတပ်ပေါင်းစု အချိန်အတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မိုးဗြဲမြို့ရဲ့ စက်တော်ရာတောင်ကုန်းကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းက ပြန်သိမ်းသွားပြီလို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ဆိုပါတယ်။
တောင်ကုန်းရပြီးနောက် လက်ရှိ မိုးဗြဲတဝိုက် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကြောင်းဟာ နန်းမယ်ခုံဘက်ကို ဆက်သွားဖို့ အလားအလာရှိနေတယ်လို့ စစ်ရေးရင်းမြစ်တယောက်က ပြောပါတယ်။
“သူတို့ စက်တော်ရာကုန်း ရသွားပြီ။ အရင်က စစ်ကောင်စီရဲ့ ဗျူဟာကုန်းပေါ့။ အဲ့ဘက်ရပြီဆိုရင် တောင်ပေါ်တက်၊ တောင်ပေါ်တက်ရင် ဆင်တောင်ဘက် ရောက်မယ်။ ဆင်တောင်ရောက်ရင် နန်းမယ်ခုံရဲ့ အနောက်တည့်တည့် ရောက်သွားတာပေါ့။”
ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်မှာလည်း နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်စလာတာဖြစ်တဲ့အပြင် တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။
လက်ရှိ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ လာမောက်လာရွာနဲ့ လွယ်ယင်းမင်္ဂလာ ကျေးရွာတွေအထိ ထိုးစစ်ရောက်လာနေတဲ့အတွက် လူထုအနေနဲ့ သတိထား နေထိုင်သွားလာကြဖို့ကိုလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာဝန်ရှိသူတယောက်က “လက်ရှိ ၄၂၂ တပ် စက်တော်ရာ ကာကင်းအတွက် စကမနဲ့ PNO တပ်စွဲထားတဲ့အခြေအနေမှာ ရှိနေတယ်။ စစ်ကြောင်းဝင်နေတဲ့ ရွာနှစ်ရွာမှာတော့ ပြည်သူတွေ အရင်တည်းက စစ်ရှောင်နေတာဆိုတော့ ထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ထိုးစစ်တွေနဲ့အတူ စစ်ကောင်စီဟာ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်မယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲအပြီး စစ်တပ်ရဲ့ထိုးစစ်တွေကို ပြန်ခုခံဖို့အတွက် ကရင်နီပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ လက်နက်ကိုင်တပ်တွေ စုပေါင်းထားတဲ့ တပ်ပေါင်းစု တပ်မတော်တခု ပေါ်လာဖို့ကိုလည်း တိုက်တွန်းနှိုးဆော်နေတာတွေ ရှိနေပါတယ်။
မောရစ်


