
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကို ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ပြည်သူတယောက်ကိုလည်း ပစ်ခတ်သတ်ဖြတ်သွားပြီး မီးလောင်သေဆုံးသူနဲ့ ဖမ်းဆီးခံထားရသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြို့သာဘက်ကနေ နဘူးအိုင်ဘက်ကို ထွက်လာတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက တိုက်ပွဲဖြစ်တာမရှိဘဲ ညောင်ဝန်းကံလှရွာနဲ့ သက္ကယ်ကျင်းရွာတွေထဲကို မနက် ၁၀ နာရီလောက်မှာ ဝင်ပြီး ပြည်သူပိုင်အိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာပါ။ ဖမ်းဆီးခံထားရသူတွေ ရှိပြီးတော့ ပစ်သတ်ခံရတဲ့ ပြည်သူတွေနဲ့ မီးလောင်သေဆုံးတဲ့ ပြည်သူတွေ ရှိနေတယ်လို့တော့ သိရတယ်ဗျ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်ကစလို့ စစ်ကောင်စီတပ်က မြင်းခြံ-မြို့သာ လမ်းပိုင်းပေါ်မှာ စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။
မြင်းခြံမြို့နယ် လူသားစာနာတာဝန်ခံ ကိုမိုးကြိုးကြီးက “ညောင်ဝန်းကံလှနဲ့ သက္ကယ်ကျင်းရွာတွေကို မီးရှို့သွားတဲ့အဲဒီစစ်ကြောင်းက နဘူးအိုင်ရွာမှာ လက်ရှိ အထိုင်ချနေတယ်။ နဘူးအိုင်နဲ့ အခုမီးရှို့ခံရတဲ့ ရွာတွေကလည်း သိပ်မဝေးလှဘူး။ ပစ်ခတ်သတ်ဖြတ်ခံရသူနဲ့ မီးလောင်သေဆုံးသူတွေ ရှိတယ်ဆိုတာ သိရပေမဲ့ ရွာခံတွေကလည်း ထွက်ပြေးနေကြရတာဆိုတော့ မီးလောင်ပျက်စီးတဲ့ အိမ်ခြေအရေအတွက်နဲ့ မြေပြင်အခြေအနေတွေကို စုံစမ်းနေပါတယ်” လို့ DVB ကို ပြောပါတယ်။
ညောင်ဝန်းကံလှကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေဟာ မန္တလေး-မြင်းခြံ ကားလမ်းပေါ်က မြင်းခြံ-မြို့သာ လမ်းပိုင်းဘေးမှာ တည်ရှိကြတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဝန်းကံလှကျေးရွာက အသက် ၃၀ ဝန်းကျင် အမျိုးသားတယောက်ကို ပစ်သတ်သွားကာ သက္ကယ်ကျင်းကျေးရွာက အသက် ၈၀ ကျော် ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတယောက်လည်း မီးလောင်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မီးငြှိမ်းသတ်ဖို့သွားတဲ့ အမျိုးသားတချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပေမဲ့ အတည်ပြုနိုင်ဖို့ DVB က ဆက်လက်စုံစမ်းနေပါတယ်။


