
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက နန်းတည်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၂၅ ရက်မှာ မီးရှို့ဖျက်ဆီးသွားလို့ ရွာလုံးကျွတ်နီးပါး မီလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်သာမြို့နယ် လူသားစာနာတာဝန်ခံ ကိုရသေ့ကြီးက “နန်းတည်ရွာဆိုတာ တောင်သာရဲ့ အနောက်ဘက်ခြမ်းမှာ ရှိပြီးတော့ တောင်သာနဲ့ သိပ်မဝေးဘူးဗျ။ အင်အား ၁၅၀ လောက် ပါလာတဲ့ စစ်ကြောင်းက မီးရှို့သွားတာပါ။ အိမ်ခြေ ၁၀၀ ကျော်လောက် မီးလောင်ပျက်စီးပြီးတော့ အဲဒီရွာမှာရှိတဲ့ အိမ်ခြေရဲ့ ၉၀ ရာခိုင်နှုန်းလောက် မီးလောင်ပျက်စီးတယ်။ စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတယ်ဆိုတာ ကျေးရွာတွေကို မီးရှို့တဲ့အလုပ်ပဲ အဓိကလုပ်တယ်လို့ပဲ ပြောရမှာပေါ့။ မီးဘေးသင့်ပြည်သူတွေကတော့ အခုလောလောဆယ်မှာ အဆင်ပြေသလို နေနေကြရတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဟာ တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ တောက်လျှောက် လုပ်ဆောင်နေသလို ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ပဲခင်းကျော်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို ဖေဖော်ဝါရီ ၂၀ ရက်မှာလည်း လက်သင်ကျင်ကျေးရွာနဲ့ ညောင်တိုကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
နန်းတည်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ မြင်းခြံမြို့ သံမဏိစက်ရုံကနေ ထွက်လာတာဖြစ်ပြီး နန်းမြင့်ကျေးရွာကတဆင့် ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နန်းတည်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးသွားလို့ ဆိုပါတယ်။
တောင်သာအခြေစိုက် TTA PDF ရဲ့ တာဝန်ရှိသူက “တိုက်ပွဲလည်း ဖြစ်တာမရှိ၊ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေလည်း မရှိဘဲနဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ အရင်ချပြီးတော့မှ စစ်ကြောင်းဝင်လာကြပြီး အိမ်တွေကို မီးရှို့သွားကြတာဗျာ” လို့ ပြောပါတယ်။
တောင်သာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုး ၀င်ရောက်နေတဲ့ နန်းတည်ကျေးရွာ အပါအဝင် ပဲခင်းကျော်၊ လက်သင်ကျင်နဲ့ ညောင်တိုကျေးရွာတွေအပြင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။


