စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီစစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်တွေ အပါအဝင် ဆန်စက်တွေ မီးလောင်ပျက်စီးခဲ့သလို အဆိုပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်အဆင့်ရှိသူတယောက် သေဆုံးပြီး သေနတ်တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ခင်ဦးမြို့ပေါ်က ပြည်သူ့ဆေးရုံမှာ တပ်စွဲနေကြသူတွေထဲက ဗိုလ်ကျော်ကိုကိုဦး ဦးဆောင်ပြီးတော့ အင်အား ၄၀ လောက်ပါတဲ့ သံပြားကားက အဲဒီနေ့ ညနေ ၆ နာရီလောက်မှာ မြို့အနောက်ဘက်ထွက်လာပြီး မြို့အပြင်ဘက်မှာရှိတဲ့ ခင်ဦး-ရေဦး ကားလမ်းတလျှောက်က ပြည်သူတွေ အိမ်တွေ၊ ဈေးဆိုင်ခန်းတွေကို ယုတ်မာတဲ့စိတ်နဲ့ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားကြတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးသွားတာကြောင့် ပြည်သူပိုင်နေအိမ် ၅ လုံး၊ ဆိုင်ခန်းနဲ့တွဲလျက် ဖွင့်လှစ်ထားတဲ့ နေအိမ် ၂ လုံးနဲ့ ဆန်စက်အကြီး ၂ လုံးတို့ မီးလောင် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတဲ့ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကျော်ကိုကိုဦး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတယောက်က “ခင်ဦး-ရေဦး ကားလမ်းပေါ်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာက ညနေ ၆ နာရီကျော်လောက်မှာပါ။ သူတို့ထဲက ဗိုလ်ကျော်ကိုကိုဦး သေတယ်။ တယောက်လည်း ဒဏ်ရာရပြီးတော့ MA1 သေနတ်တလက်နဲ့ ကျည်တချို့ သိမ်းဆည်းရရှိခဲ့တယ်။ တိုက်ပွဲထဲမှာ သေတဲ့ ကျော်ကိုကိုဦး ဆိုတာ သူ ရောက်လာကတည်းက ပြည်သူပိုင်အိမ်တွေကို ပတ်ပြီး မီးရှို့လွန်းလို့ ‘မီးရှို့ကိုကို’ ဆိုပြီး နာမည်ဆိုးထွက်နေတဲ့သူပါ။ သူ့ကိုယ်သူလည်း ဂုဏ်ယူဝံ့ကြွားပြီးတော့ ‘မီးရှို့ကိုကို’ ဆိုတဲ့ နာမည် သုံးတတ်တဲ့သူ ဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
ဗိုလ်ကျော်ကိုကိုဦးဟာ ခင်ဦး-ရွှေဘို နယ်စပ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗိုလ်ကြီးမင်းထက် နေရာမှာ အစားထိုး ရောက်ရှိလာသူဖြစ်ပြီး သူရောက်ရှိလာပြီးကတည်းက ခင်ဦးမြို့နယ်အတွင်း ပြည်သူပိုင် လူနေအိမ်တွေကို လှည့်လည်မီးရှို့ ဖျက်ဆီးရာမှာ အဓိကဦးဆောင်ပါဝင်ခဲ့သူ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုကိုတော့ ခင်ဦးမြို့နယ်၊ မြို့နယ် ပကဖ ရဲဘော်တွေအပြင်၊ UG ပကဖ ရဲဘော်တွေနဲ့ တိုက်နယ် ပကဖ တွေက ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း သေဆုံးသူ ဗိုလ်ကျော်ကိုကိုဦးရဲ့ အလောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီမှာ ခင်ဦးမြို့၊ တောင်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။









