
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားသေဆုံးသူ ၁၇ ယောက်အထိရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ယောက် ရှိတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီ ၇ မိနစ်မှာ စစ်ကောင်စီတပ်က ယိုးငူကျေးရွာ ဈေးတန်းကို ဂျက်တိုက်လေယာဉ် တစီးနဲ့ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားတွေ အစုအပြုံလိုက် ထိခိုက်သေဆုံးခဲ့တာပါ။
အဲဒီတိုက်ခိုက်ခံရမှုအတွင်း ကလေးငယ် ၄ ယောက် အပါအဝင် အမျိုးသမီး ၁၀ ယောက် သေဆုံးပြီး အမျိုးသား ၄ ယောက် သေဆုံးခဲ့ကာ နောက်ထပ် ကလေးငယ် ၃ ယောက် အပါအဝင် အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က လူငယ်အမျိုးသားတယောက်က “သေဆုံးမှုက အတော်များတယ်ဗျာ။ နောက်ဆုံး အလောင်းတွေ စိစစ်ရသလောက်တော့ ၁၇ ဦး သေဆုံးတယ်လို့ သိထားရတယ်။ ထိခိုက်သူလည်း ၁၅ ဦးရှိတယ်။ ထိခိုက်သူနဲ့ သေဆုံးသူတွေကတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ များတယ်။ နေ့လယ်ပိုင်း ဈေးစည်ကားချိန်မှာ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှု ပိုများသွားတာ။ ဗုံးကြဲမှုအပြင် မီးလောင်ရာမှာ ပါသွားပြီးတော့ သေဆုံးသွားကြတဲ့ ကလေးတွေလည်း ရှိကြတယ်။ မင်းအောင်လှိုင် စစ်(--)တပ်ရဲ့ အတော်လေးကို လူမဆန်စွာ ယုတ်မာရက်စက်တဲ့ လုပ်ရပ်လို့ ပြောချင်တယ်” လို့ ပြောပါတယ်။
ယိုးငူကျေးရွာမှာ ကျေးရွာသားတွေအပြင် ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်က စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်တွေလည်း အများအပြားရှိကြတာကြောင့် သေဆုံးသူတွေထဲမှာ ကျေးရွာသား ၁၂ ယောက်နဲ့ စစ်ရှောင် ၅ ယောက် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့ သူတွေအထဲမှာ ရွာသား ၉ ယောက်နဲ့ စစ်ရှောင် ၆ ယောက် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၁ နာရီလောက်မှာလည်း ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာအနီးရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် အမျိုးသား ၂ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရရှိသွားသူတွေမှာ ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာက ဦးမောင်နုစိန် (၇၈ နှစ်) နဲ့ ဇိုင်ချောင်းကျေးရွာက ဦးမောင်ခင်ထွန်း (၄၈ နှစ်) တို့ ဖြစ်ကြပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်က ရခိုင်က မြို့၊ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာဟာ အရှုံးကို လက်ခံနိုင်မှု မရှိတာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး ရန်မူတိုက်ခိုက်လာတာ ဖြစ်တယ်လို့ ရခိုင်က အရပ်ဘက်အဖွဲ့အစည်းတခုမှာ လုပ်ကိုင်နေတဲ့ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“ယိုးငူ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို မြင်ပြီး ကျမတို့ တော်တော်လေးကို တုန်လှုပ်မှုဖြစ်ရတယ်။ အရမ်းလည်း ဝမ်းနည်းရတယ်။ ဒီကလေးတွေနဲ့ အမျိုးသမီးတွေမှာ ဘာအပြစ်ရှိလို့ စစ်ကောင်စီက သတ်ဖြတ်ရလဲဆိုတာ နားလည်ပေးလို့ကို မရဘူး။ သူတို့မှာ သားသမီးတွေ မရှိကြဘူးလား။ စာနာစိတ်ဆိုတာ မရှိကြဘူးလား။ သူတို့ စစ်ရှုံးတိုင်း ယောက်ျားလို မတိုက်ခိုက်ကြဘဲ ပြည်သူတွေကို ရန်မူတိုက်ခိုက်လာတာကို ကျမတို့ ကမ္ဘာကို ချပြနိုင်ကြဖို့လိုတယ်။”
၂၀၂၆ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဘူးသီးတောင်နဲ့ မင်းပြားမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု ဆက်တိုက်ဆိုသလို မြင့်တက်လာနေပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးတယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၄ ယောက်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
စစ်ကောင်စီက ရခိုင်က မြို့၊ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။


