Home
မြန်မာသတင်း
မြစ်ကြီးနားလေဆိပ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီးနောက် ကချင်၌ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ
DVB
·
February 24, 2026

မြစ်ကြီးနားလေဆိပ် ဒရုန်းဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကချင်ပြည်နယ်တွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်တွင်းက မြို့ရွာအရပ်သားနေရာတွေနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတယ်လို့ ကချင်ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

“ကချင်မှာက လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းရှိလာတယ်။ ဒီရက်ပိုင်းမှာဆိုရင် ခပ်စိပ်စိပ်ဖြစ်လာတဲ့ အခြေအနေ ဟုတ်တယ်။ မနေ့ကဆိုရင် အင်ဘာပါ တရုတ်နယ်စပ်ဘက်မှာ လေယာဉ်နဲ့ တခေါက် လာကြဲသွားတယ်။ အဲမှာတော့ လူထိခိုက်တာတော့ မရှိဘူး။ နေအိမ်တွေတော့ အများကြီး ပျက်စီးသွားတယ်။ ဖားကန့် မော်ဝမ်းဘက်မှာလည်း ၂၄ ရက်နေ့ မနက်အစောပိုင်းလို့ ပြောရမယ်၊ တနာရီလောက်မှာ လာပြီး ပစ်သွားတာ ရှိတယ်။ အရင် ၂၁ ရက်နေ့၊ ၂၂ ရက်နေ့တို့ ဆိုရင်လည်း လေကြောင်းတိုက်ခိုက်မှု ပုံမှန်ရှိနေတယ်။ ၂၂ ရက်နေ့ဆိုရင်လည်း မိုးမောက်မြို့နယ်ထဲက ဘွမ်ကထောင်ဆိုတဲ့ဘက်မှာလည်း လေယာဉ်နဲ့ လာပစ်သွားလို့ တယောက် အသက်ဆုံးရှုံးသွားတယ်။ မှတ်မိသလောက်ဆိုရင် ၁၈ ရက်နေ့လောက်ကစပြီး ကချင်တပြည်နယ်လုံးမှာ လေယာဉ်နဲ့ လိုက်ကြဲနေတာတွေ ရှိတယ်။”

ဖေဖော်ဝါရီ ၂၁ ရက်က ဆဒုံးမြို့ကို လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲခဲ့ပြီး ဖားကန့် KIA တပ်မဟာ ၉ နယ်မြေဘက်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးထက်မနည်း ကြဲခဲ့တဲ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ပေါ် လေယာဉ်ပျံဝဲတာတွေ လုပ်ခဲ့ပြီးနောက် အင်ဘာပါကျေးရွာဘက်ကို လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

၂၂ ရက်နေ့ညမှာလည်း လိုင်ဇာမြို့အနီးက ဘွမ်ကထောင်ရွာမှာ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ အဘိုးအိုတယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ၂၂ ရက်နေ့မှာပဲ ဝိုင်းမော်မြို့နယ် ဝူယန်နဲ့ ဝါရှောင်လမ်းဘက်ကို လေယာဉ်ဗုံး ၃ ကြိမ် ကြဲသွားသလို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်သွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ် ဒရုန်းပစ်ခတ်ခံရမှုမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုပြီး အပြင်းအထန် တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် တပြိုင်နက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ကချင်ဒေသ သတင်းရင်းမြစ်က “ကချင်ပြည်နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ KIO/KIA ထိန်းချုပ်တဲ့နေရာတွေမှာ သိသိသာသာ ပြုလုပ်လာတာက မြစ်ကြီးနားလေဆိပ်မှာ ခရီးသည်လေယာဉ် လက်နက်ကြီးထိတယ်၊ ထိခိုက်တယ်ဆိုပြီး သတင်းတွေထွက်ပြီးမှ အဲနောက်ပိုင်း သိသိသာသာ လေကြောင်းတိုက်ခိုက်မှု များလာတယ်။ စကစ ဘက်က လေယာဉ်နဲ့ လာပစ်တာတွေကတော့ နေ့စဉ်နေ့တိုင်း ရှိလာတယ်။ အဲကတည်းကနေ လေယာဉ်နဲ့ပစ်တာ ပိုပြီးရှိလာတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားလေဆိပ် ခရီးသည်တင်လေယာဉ် ဒရုန်းပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး KIA နဲ့ PDF က လုံးဝမဟုတ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၁ ရက် တနေ့တည်းမှာပဲ KIA ထိန်းချုပ်ဒေသရှိ တပ်မဟာ၊ တပ်ရင်းတွေထဲက နေရာ ၅ ခုထက်မနည်းကို အပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူနေထိုင်ရာ ဒေသတွေကို စစ်တပ်က နေ့တိုင်းလိုလို လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးနေပါတယ်။

“စစ်တပ်ရဲ့ လေယာဉ်နဲ့ လာဗုံးကြဲလို့ ပြည်သူတွေ အသက်ဆုံးရှုံးတာတွေ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိလာပြီ။ ၂၂ ရက်နေ့က မိုးမောက်မြို့နယ်ထဲက ဘွမ်ကထောင်မှာ ဆိုရင်လည်း ပြည်သူတယောက် အသက်ဆုံးရှုံးတယ်။ လွန်ခဲ့တဲ့ ၁၈ ရက်နေ့ ဆိုရင်လည်း ဧရာဝတီမြစ်ဘေး ကောက်ကွေ့ချောင်း အဲ့ဘက်မှာလည်း လေယာဉ်နဲ့လာကြဲသွားလို့ ပြည်သူ ၂ ယောက် အသက်ဆုံးရှုံးတယ်။ တဖက်မှာလည်း ထိခိုက်ဒဏ်ရာရသူတွေလည်း ၄ ယောက် အထက်ရှိတယ်။ အဲလိုအခြေအနေတွေရှိတယ်။ လေကြောင်းတိုက်ခိုက်လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာ နေအိမ်တွေ အများကြီး ထိခိုက်ပျက်စီးတယ်” လို့ ပြောပါတယ်။

စစ်တပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ လတ်တလော လေကြောင်းရန် သတိထားနေထိုင်ဖို့ KIO က ပြောထားပါတယ်။

ကချင်ပြည်နယ်အတွင်း ဗန်းမော်တိုက်ပွဲဟာလည်း လက်ရှိ ဆက်လက်ပြင်းထန်နေပြီး ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013