
BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချ ပူးပေါင်းပြီးနောက် ပုလဲနယ်ထဲကို စစ်ကောင်စီတပ်က ဗုံးစကြဲနေပြီး စစ်ကြောင်းထိုးတာလည်း ရှိလာနိုင်တာကြောင့် ပြည်သူတွေရော၊ တော်လှန်ရေးတပ်ဖွဲ့တွေပါ သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးပါတယ်။
BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးလို့ သိကြတဲ့ ထင်လင်း ခေါ် နိုင်လင်းနဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာခေါ်သွားတာပါ။
ဖြစ်စဉ်မတိုင်ခင် ဖေဖော်ဝါရီ ၁၇ ရက် မနက်တုန်းကတော့ NUG လက်အောက်ခံတပ်တွေက နဂါးနဲ့ တပ်ဖွဲ့ဝင်တချို့ကို လူသတ်မှု၊ သက်ငယ်မုဒိမ်းမှု၊ ဂိတ်စခန်းတွေကို ဝင်စီးနင်းမှုတွေနဲ့ ဖမ်းဆီးဖို့ ကြိုးစားရင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။
အခုလို နဂါးက စစ်တပ်နဲ့ပူးပေါင်းပြီး ချက်ချင်း ပုလဲနယ်ထဲ လေကြောင်းတိုက်ခိုက်မှု ရှိလာသလို ယင်းမာပင်ခရိုင်၊ ပုလဲနယ်နဲ့ပတ်သက်တဲ့ သတင်းတွေကို စစ်တပ်ဆီ ပြောပြနိုင်တာကြောင့် ပြည်သူတွေရော၊ တော်လှန်ရေးတပ်ဖွဲ့တွေပါ သတိပြုကြဖို့ NUG က သတိပေးထားပါတယ်။
NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က “ဒီ ပုလဲမှာရှိနေတဲ့၊ မြေပြင်မှာရှိနေတဲ့ ပြည်သူတွေရော၊ တိုက်ပွဲတပ်ဖွဲ့တွေရော အားလုံး အထူးသတိထားပြီးတော့ နေကြရမဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ လက်ရှိကိုပဲ ပုလဲဘက်မှာ တချို့နေရာတွေ ဗုံးစကြဲနေပြီလို့ ကျနော်တို့ သတင်းတွေရပါတယ်။ အဲ့တော့ ဒီကာလမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေအပြင် ဒီ Gray Area တွေဆိုရင်လည်း ဒီစစ်ကြောင်းထိုးတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေ အထူးသတိပြုပြီးတော့ နေထိုင်ကြဖို့ လိုအပ်မယ်ထင်ပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဘယ်နေရာတွေကို ဗုံးကြဲလို့ ပြည်သူဘယ်နှယောက် ထိခိုက်ရတယ်ဆိုတဲ့ ကိစ္စတွေကိုတော့ DVB အနေနဲ့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ NUG နဲ့ နီးစပ်သူတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ နွယ်အင်းနဲ့ သပြေပင်ရွာ ဝန်းကျင်ကို ဖေဖော်ဝါရီ ၁၈ ရက် ညကတည်းက ပါရာမော်တာနဲ့ တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၁၉ ရက်မှာလည်း ပုလဲအနောက်ပိုင်းတနေရာကို စစ်တပ်ရဟတ်ယာဉ် ဝင်ရောက်လာတာ ရှိတယ်လို့ ပြောပါတယ်။
ဒေသခံတယောက်ကလည်း ပုလဲနယ်ထဲက အဖွဲ့တော်တော်များများ စခန်းတည်နေရာတွေ ပြောင်းရွှေ့နေကြပြီလို့ ပြောပါတယ်။
စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားဖြစ်တဲ့ ကိုစိုးဝင်းဆွေက “ဒါကြောင့် လုံခြုံရေးအတွက် ဒါတွေကို အမြန်ပြောင်းလဲ စီမံကြဖို့ပေါ့ဗျာ၊ တိုက်တွန်းရမဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်တခုက သူကိုယ်တိုင်ကလည်း ဒီအပေါ်မှာ ပုဂ္ဂိုလ်ရေးအငြိုးတွေ၊ ပုဂ္ဂိုလ်ရေး အာဃာတတွေနဲ့ ဒီလိုလုပ်သွားတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ဒီ သူကိုယ်တိုင်က ပျူစောထီးခေါင်းဆောင် ဖြစ်လာမလား၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဖြစ်လာမလား၊ ဒါမှမဟုတ်ရင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေကို နယ်မြေအတွင်းကို သူကိုယ်တိုင် ခေါ်သွင်းလာပြီးတော့ ဝင်မွှေမလားဆိုတဲ့ တွက်ဆစရာတွေလည်း အများကြီး ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ ပြောခွင့်ရသူ CDM ဗိုလ်မှူး နောင်ရိုးကတော့ နဂါးကို စစ်တပ်က ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးအတွက် အသုံးချလာနိုင်သလို တော်လှန်ရေးအင်အားစုတချို့ကို ချိတ်ဆက် သွေးခွဲ ခွဲထုတ်တာမျိုး လုပ်လာနိုင်ဖွယ် ရှိတဲ့အကြောင်း ထောက်ပြပါတယ်။
အထူးသဖြင့်ကတော့ ပြည်သူလူထုနဲ့ PDF တချို့ကို တော်လှန်ရေးအပေါ် ယုံကြည်မှု လျော့ကျ၊ စိတ်ပျက်အောင် အဓိက လုပ်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
BNRA ခေါင်းဆောင် ပစ္စတိုခါးချိတ်ပြီး စစ်တပ်နဲ့ပူးပေါင်းတဲ့ ရုပ်သံ ထွက်လာတဲ့နောက် NUG ကလည်း “အရေးပေါ်သတင်းထုတ်ပြန်ချက်” တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ BNRA တပ်ဖွဲ့ဝင်တချို့ ကျူးလွန်ခဲ့တဲ့ အမှု ၇ ခုနဲ့ပတ်သက်လို့ ပြည်သူကို အသိပေးခဲ့ပါတယ်။
အဲဒီအချိန်ထိဆိုရင် အမှုဖွင့်ခံထားရသူတချို့ကို ဖမ်းဆီးရမိခဲ့သလို တချို့လည်း လွတ်မြောက်နေတုန်းဖြစ်ပြီး BNRA တပ်ဖွဲ့ဝင် ၁၅၀ လောက် PDF နဲ့ ပကဖ တွေဆီ ဆက်သွယ်ပြီး ပူးပေါင်းလာနေတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စိုးသူအောင်


