
BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ ပူးပေါင်းသွားပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်အစောပိုင်းမှာ ယင်းမာပင်နဲ့ ပုလဲနယ်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
မနေ့က ဗိုလ်နဂါးဟာ မိသားစုကိုခေါ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီးနောက်မှာ စစ်ကောင်စီဟာ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေသလို စစ်ကြောင်း ၂ ကြောင်းလည်း တိုးဝင်လာနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ ဗုံးကြဲတာကတော့ မနေ့က ဗိုလ်နဂါးတပ်ရဲ့ စုံမှတ်ရွာ၊ ချင်ပြစ်ရွာကို ကြဲသွားတာ။ ဟိုတနေ့ညကလည်း ချင်ပြစ်ဘက် ကြဲတယ်။ မနေ့ကလည်း ပုလဲအနောက်ဘက်တကြော ကြဲတယ်။ မနက်ကလည်း ပါရာမော်တာနဲ့ လာကြသေးတယ်။ နေရာစုံကိုတော့ ဗုံးကြဲနေတာပဲ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းတခုဟာ ယင်းမာပင်မြို့နယ် အရှေ့မြောက်ဘက်က တယ်ပင်ကန်ရွာကို ရောက်နေပြီး နောက်စစ်ကြောင်းတခုက ပုလဲမြို့နယ် အလယ်ဘုံရွာအထွက်ကို ရောက်နေပြီလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဗိုလ်နဂါးကို ထောက်ပံ့ပေးခဲ့ဖူးတဲ့ အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာရှိလို့ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်မှာတော့ BNRA တပ်ဖွဲ့ဝင်အချို့ဟာ လက်နက်အပ်ပြီး PDF ဆီ ပူးပေါင်းလာသူတွေလည်း ရှိပြီး စုစုပေါင်း အင်အား ၁၅၀ ဝန်းကျင် လက်နက်ချ၊ အလင်းဝင်လာတယ်လို့ သိရပါတယ်။


