
ရခိုင်ပြည်နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာနဲ့ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၂ စီး လာရောက်ပြီး ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဂျက်ဖိုက်တာက ၂ စီး၊ အဲဒီ သရက်ချိုကျေးရွာနဲ့ ပတ်ဝန်းကျင်ကိုပဲ ပစ်နေတာ မြင်နေရပါတယ်။”
လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာဟာ မာန်အောင်မြို့နယ်နဲ့ မော်တော်စက်လှေ၊ ဘုတ်တို့နဲ့ သွားလာနေတဲ့ ကုတို့ဆိပ် (ဆိပ်ကမ်း) ကျေးရွာဖြစ်ပြီး အဲဒီရွာချောင်းမှာ ဒေသခံ ငါးဖမ်းစက်လှေတွေ ရပ်နားတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဇင်ချောင်းဒေသခံတယောက်က “ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ အခုက လတ်တလော ဖြစ်နေတုန်းဆိုတော့ ကျနော်တို့လည်း သွားမကြည့်ရေးသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင် ရေတပ်ဌာနချုပ် ပတ်ဝန်းကျင်ကျေးရွာဖြစ်တဲ့ မီးကျောင်းရေသောက်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။


