
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မီးကျောင်းရေသောက်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ညနေဘက် ဂျက်လာပြီး ဗုံးကြဲတယ်။ ပြီးတော့ ရွာပတ်ဝန်းကျင်ကိုပါ စက်သေနတ်နဲ့ပစ်တယ်။ ဆယ်ကျော်သက် အမျိုးသမီးနဲ့ သက်ကြီးပိုင်းတယောက် သေတယ်။”
ဂျက်ဖိုက်တာနဲ့ ဗုံးကြဲရုံသာမက စက်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်တယောက် အပါအဝင် စုစုပေါင်း အမျိုးသမီး ၂ ယောက်နဲ့ ကျွဲနွားတွေ သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ နောက်တယောက်ကလည်း “နာရီခွဲ အတိုင်းတာ စက်သေနတ်ပစ်နေခဲ့တယ်၊ အဲဒါတွေ ကြောက်ပြီး အခု ကျေးရွာနဲ့ ပတ်ဝန်းကျင်ကလူတွေ ဒီမနက်ထိ စစ်ရှောင်ပုန်းနေရတယ်” လို့ ပြောပါတယ်။
အလားတူ ကျောက်ဖြူမြို့နယ်၊ ငလုံးစုအုပ်စု၊ ကြတ္တိန်ကျေးရွာကို ဖေဖော်ဝါရီ ၁၇ ရက် ညနေက စစ်ကောင်စီရေတပ်က ဒရုန်းနဲ့ ဗုံး ၇ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီကျော်ခန့်ကလည်း စစ်ကောင်စီ အသေခံဒရုန်းတစီးနဲ့ ဝမျှောင်ကျေးရွာကို လာရောက်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ၂ ယောက် သေဆုံးပြီး အမျိုးသား ၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာအောက်ဘက်ရှိ ပင်လယ်ပြင်မှာ ရပ်တန့်ထားတဲ့ စစ်ကောင်စီ ရေတပ်ကနေ ကျောက်ပြောက်ရွာဘက်ကို လက်နက်ကြီးကျည် ၄ လုံး ပစ်ခတ်ရာ ကျောက်ပြောက်ရွာက အသက် ၈၀ အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။


