
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် ည ၁၀ နာရီကျော်လောက်မှာ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံ ကနေသိရပါတယ်။
ညောင်ပင်ကြီးစုရွာနေ ကိုအေးကြီးက “ဗုံးသီး ၃ လုံးကြဲချသွားတာ။ စာသင်ကျောင်းနဲ့ အနီးတဝိုက်ကို ကြဲချသွားတာ။ အဲလိုကြဲချလို့ အသက် ၄၀ အရွယ်နဲ့ အသက် ၇၀ အရွယ် အမျိုးသား၂ ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရတယ်။ ဒဏ်ရာရရှိသူကတော့ ၆ ဦးရှိတယ်ဗျ။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့ကို လာကြဲချသွားတာ”လို့ ပြောပါတယ်။
အခုလိုအကြောင်းမဲ့ ဗုံးကြဲချလို့ ပြည်သူသေဆုံးထိခိုက်မှုတွေအပြင် ကျေးရွာအထက် တန်းကျောင်းဝင်းအတွင်းက စာသင်ကျောင်း ၂ ထပ် ကျောင်းအဆောင်အပါဝင် တထပ် ကျောင်းဆောင်ငယ်တွေနဲ့ ပြည်သူနေအိမ် ၅ လုံးပျက်စီးခဲ့ရတယ်လို့ လည်း သိရပါတယ်။
ညောင်ပင်ကြီးစု ကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး လာရောက်ကြဲချတဲ့စစ်တပ် လေယာဉ်ဟာ တံတားဦးလေတပ်တက် ဂျက်တိုက်လေယာဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကက “မနေညပိုင်းက ကြဲချသွားတာက ပေါင် ၃၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံးသီး ၃ လုံးကြဲချသွားတာဗျ။ စာသင်ကျောင်းအနီး ကားလမ်း ဘေးဝဲယာကို ကြဲချသွားတာ”လို့ ပြောပါတယ်။
ညောင်ပင်ကြီးစုရွာကို ၂၀၂၅ ခုနှစ် မတ် ၃ ရက်က လည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချလို့ ပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကလည်း အဆိုပါကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ရပါတယ်။


