Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
February 14, 2026
Photo: ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ
Photo: ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ
Photo: ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ
Photo: ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ
Photo: ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ
Photo: ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု​နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းဆောင် ပျက်စီးခဲ့သလို ပြည်သူ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက “၁၃ ရက်နေ့ တရက်တည်းမှာ ရေလယ်ကျွန်းဒေသ ရွာတွေဘက်ကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲပြီးတော့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၄ ယောက်နဲ့ စက်တပ်လေထီးဗုံးကြဲလို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ချစ်သူရွာထဲကိုကျတဲ့ ၁၂၀ မမ လက်နက်ကြီးကျည်ကတော့ မပေါက်ကွဲဘူး” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြင်းခြံမြို့ဘက်က စစ်တပ်အထိုင်စခန်းက​နေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ရေလယ်ကျွန်းဒေသက ငတရော်ကျေးရွာနဲ့ ဝါဘိုးကျေးရွာကြားမှာ ကျရောက်‌ပေါက်ကွဲခဲ့လို့ တောင်ယာလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပြည်သူ ၃ ယောက် လက်နက်ကြီးကျည်စတွေထိမှန်ပြီး ဒဏ်ရာတွေရရှိခဲ့ကြသလို မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း ချင်းယားကျေးရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတယောက် ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မွန်းတည့် ၁၂ နာရီဝန်းကျင်မှာလည်း ရေလယ်ကျွန်းဒေသက မိုးဖြူကျေးရွာနဲ့ ငတရော်ကျေးရွာကို မုံရွာ နမခ ကနေ တက်လာကြတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီး နဲ့ ဗုံးကြဲချခဲ့တာကြောင့် မိုးဖြူကျေးရွာက လူနေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့သလို ငတရော်ကျေးရွာက ဘုန်းကြီးကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ကာ ရွာခံအရပ်သားပြည်သူတယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တယောက်က “အခုနှစ်စပိုင်းလောက်ကတည်းက ရေလယ်ကျွန်းဘက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတာမရှိပေမဲ့ ရေစကြိုနဲ့​ မြင်းခြံအစပ်မှာရှိကြတဲ့ စစ်တပ်အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရေလယ်ကျွန်းဘက်ကို ရမ်းသန်းပစ်ခတ်လေ့ရှိပြီး ​လေကြောင်းနဲ့တိုက်ခိုက်တာတွေကလည်း မကြာခဏလုပ်လေ့ရှိလို့ ရေလယ်ကျွန်းဒေသမှာရှိတဲ့ တချို့ရွာတွေက ပြည်သူတွေ ရွာလုံးကျွတ်တိမ်းရှောင်နေကြရတယ်။ ငတရော်ကတော့ အဆိုးဆုံးပေါ့” လို့ ပြောပါတယ်။

၂၀၂၂ ခု သြဂုတ်လထဲမှာလည်း စစ်တပ်စစ်ကြောင်းက ငတရော်ကျေးရွာလုံးကျွတ်နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သလို ၂၀၂၅ ခု သြဂုတ်လထဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရွာခံပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆို​ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းကလည်း ရေစကြိုမြို့နယ်ထဲက ကံမတောကျေးရွာအနီးမှာရှိတဲ့ ရေစကြိုမြို့နယ် ပကဖ ရဲ့ တပ်ခွဲစခန်းတခုကို တပ်မ ၉၉ လက်အောက်ခံ အင်အား ၂၅၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး သွားတာကြောင့် တပ်ဖွဲ့ပိုင်အဆောက်အဦ၊ ဆိုင်ကယ် ၃ စီး၊ တိုက်ခိုက်ရေးသုံးမိုင်းတွေနဲ့ စစ်အသုံးအဆောင်ဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013