
ကချင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်နေတဲ့ ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၃ ရက်က လက်နက်ကြီးကျည်ပေါက်ကွဲမှုနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး အပါအဝင် ၃ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၉ နာရီခန့်က ဖားကန့်မြို့နယ်၊ တောင်ပြိုရွာမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်ကို ထုရိုက် ဆော့ကစားမိရာက ဗုံးပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေး တယောက် နေရာမှာတင် သေဆုံးခဲ့ကာ ၃ ယောက် ထိခိုက်ခဲ့ပါတယ်။
အလားတူ ဝိုင်းမော်မြို့နယ် တာလောကြီးနဲ့ စန်းကား ရွာ ၂ ရွာကိုလည်း မနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက်လတ်ပိုင်း အမျိုးသား ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ခဲ့ ပါတယ်။
ဝိုင်းမော်ဒေသခံတယောက်က “Y-12 နဲ့ တာလောကြီး၊ စန်းကားဘက်ကို ဗုံး ၅ ကြိမ်လောက် ပတ်ကြဲသွားတယ်။ လူနေအိမ်တွေ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းဘေးတွေပဲ ကျကွဲတာဆိုတော့တာလောကြီးမှာက အမျိုးသား ၂ ယောက် ဆုံးသွားတယ်။ အများအပြားလည်း ထိခိုက်တယ်လို့ သိရတယ်။ စန်းကားဘက်မှာရော ဗုံးကြဲသွားတာ ထိခိုက်တာတော့ မရှိဘူး”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး ဝိုင်းမော်မြို့ မြောက်ဘက်ခြမ်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အထိုင်ချနေတဲ့ ကာကင်းစခန်းတွေဘက်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် အင်အားရာချီ ပူးပေါင်းစစ်ကြောင်းထိုးလာတာကြောင့် ဒီနေ့အထိ စစ်ရေးတင်းမာနေပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နဲ့ ခြေလျင်တပ်ရင်း ခလရ (၅၈) တပ်ရင်တို့ကနေလည်း တိုက်ပွဲဖြစ်နေတဲ့ နေရာဘက်ကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေပြီး KIO အုပ်ချုပ်မှုအောက်က အရပ်သားတွေနေတဲ့ ရွာတွေကိုပါ လေကြောင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ အစောပိုင်းကစပြီး စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့ပေါ်မှာလည်း တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်ကို ဆော့ကစားမိပြီး ထိခိုက်ခဲ့တဲ့ ကလေး ၃ ယောက်ထဲက ၂ ယောက်ကို ဒဏ် ရာပြင်းထန်တာကြောင့် မြစ်ကြီးနားဘက်ကို ဆေးကုသမှု ခံယူဖို့ ချက်ချင်းပို့ဆောင် ထားတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ကချင်စစ်မျက်နှာက ဗန်းမော်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး၊ ဖားကန့်၊ အင်းတော်ကြီးမြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက တိုက်ပွဲ ပြင်းထန်နေချိန် စစ်ရေးနဲ့ အရပ်သား ပစ်မှတ် ၂ ခုလုံးကို လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်လေ့ရှိတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောခဲ့ဖူးပါတယ်။


