
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အနောက်မြောက်ခြမ်း သမိုင်းဝင် ဖိုးဝင်တောင်အနီးမှာ ရှိတဲ့ မန်ကျီးတထောင်ရွာအနီးက ပြည်သူ့ကာကွယ်ရေးစခန်းတခုကို ဖေဖော်ဝါရီ ၁၂ ရက် နေ့ခင်း ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် PDF ရဲဘော် ၁၂ ယောက် ကျဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နမခက လာကြဲချသွားတာလေ။ ကြဲချတာက ဗုံးသီး ၂ လုံးပါ။ ကံဆိုးချင်တော့ ကြဲချတဲ့ ဗုံးသီးက လက်နက်တိုက်ပေါ် ကျပေါက်ကွဲပြီး ထပ်ဆင့် ပေါက်ကွဲလို့ အထိခိုက် အခုလိုများသွားတာ။ ကျနော်သိထားတာက နေရာတင် ၁၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာပြင်းထန်ရတယ်။ အဲဒီစခန်းအနီးမှာ ပဲစိမ်းငုံသီးနှံရိတ်သိမ်းနေတဲ့ အရပ်သားတွေ ထိခိုက်တာတွေလည်းရှိတယ်လို့ မြေပြင်မျက်မြင် တွေရှိသူတယောက်က ပြောပါတယ်။
အခု ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာ စစ်တပ်က ပြည်သူကာကွယ်ရေးတပ်စခန်းတွေကို လေကြောင်းကနေ တိတိကျကျ ဗုံးကြဲတိုက်ခိုက်လာနိုင်တယ်လို့ မြေပြင်စစ်ရေး စောင့်ကြည့်သူတွေက ပြောပါတယ်။
မြေပြင် PDF ခေါင်းဆောင် တစ်ဦးက “ဆုံးရှုံးမှု၊ နစ်နာမှုက ပြောမပြနိုင်လောက်အောင်ပါပဲဗျာ။ စကမ ဘက်က စစ်ကို စစ်နဲ့တူအောင် မတိုက်ရဲဘဲ ခွေးကျင့်၊ ခွေးကြံနဲ့ပဲ လေကြောင်းကနေ တိုက် ခိုက်တာ။ သတ္တိရှိရင် မြေပြင် ကနေပဲ လာခဲ့ပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်တခုလုံးကို စစ်တပ်က ဆားလင်းကြီးမြို့၊ ညောင်ပင်ကြီး၊ လက်ပံတောင်း တောင် စီမံကိန်းနေရာတွေမှာသာ စိုးမိုးတပ်ဆွဲထားနိုင်ပြီး ကျန် ကျေးရွာအားလုံးကို NUG အစိုးရရဲ့ တပ်ရင်းတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားပါတယ်။


