
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ဗန်းမတ်ရွာ၊ မုဲင်းဟုဲင်းရွာ၊ ဟမ်းဗွာရွာတွေကို စစ်တပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး အသေခံဒရုန်း ၅ စင်းထက်မနည်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သိမ်းဆည်းရမိတယ်လို့ ပြန်ကြားရေးတာဝန်ရှိသူက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
ဗန်းမတ်ကျေးရွာထဲကို ဖေဖော်ဝါရီ ၁၁ ရက်က လက်နက်ကြီးတွေနဲ့ တနေကုန်နီးပါး ပစ်ခတ်ပြီး အသေခံဒရုန်းနဲ့ ဗုံးကြဲတာတွေလည်း ရှိနေကာ PNLA က ပစ်ချတာကြောင့် တရက်အတွင်း ဒရုန်းတစင်း သိမ်းမိတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဒရုန်းတွေကို တပတ်အတွင်း ၅ စင်းထက်မနည်း သိမ်းမိတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
“လက်နက်ကြီးက တနေကုန်နီးပါးပစ်တယ်၊ ဒရုန်းက Frequency လှိုင်းနဲ့မဟုတ်ဘဲ Optic Fiber ကြိုးနဲ့သုံးတဲ့ အသေခံဒရုန်းတွေပေါ့လေ။ အဲလိုပစ်လို့လည်း ပြည်သူတွေက ရွာမှာနေလို့မရဘဲ တောတောင်တွေထဲ ရှောင်နေရတာပေါ့လေ။ တပတ်အတွင်းမှာကို ဒရုန်းသိမ်းမိတာ ၅ စင်းထက်မနည်းရှိနေပြီ။”
ကဒူးကြီးဒေသထဲကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ တလကျော်အထိ ရှိလာပြီး ပြည်သူတွေက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။
ကဒူးကြီးဒေသထဲက ဗန်းမတ်ရွာ၊ မုဲင်းဟုဲင်းရွာ၊ ဟမ်းဗွာရွာ ၃ ရွာပေါင်းမှာ အိမ်ခြေ ၂၀ ကျော်ရှိပြီး လက်နက်ကြီးနဲ့ ဒရုန်းရန်ကြောင့် နေအိမ်မှာ နေထိုင်လို့မရဘဲ ထိခိုက်ပျက်စီးတာလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ထဲမှာလည်း ကဒူးကြီးဒေသ မြောက်ဘက်က ကျေးရွာတွေထဲကို စစ်တပ်နဲ့ PNO က နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


