
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ်ထမ်းကျေးရွာကို ဖေဖော်ဝါရီ ၁၁ ရက် ည ၉ နာရီ ၂၀ မိနစ်လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အကြောင်းမဲ့ လာရောက်ကြဲချသွားတာ။ တံတားဦး လေတပ်တက် ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချသွားတာ။ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်တာဗျ။ အိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး နေအိမ် ၁၀ လုံးကျော်လည်း မီးလောင်ပျက်စီးခဲ့တယ်။ နောက်ပြီး ဝက် ၄ ကောင်၊ နွား ၁ ကောင် သေဆုံးခဲ့ရသေးတယ်” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
ဘုတ်ထမ်းရွာကို ၂၀၂၂ ခု ဒီဇင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာ ကြောင့် နေအိမ် ၃၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီပဲယင်းပကဖ တာဝန်ရှိက “ဒီရွာက မြို့နဲ့တော့ ဝေးတယ်။စစ်တပ်က ဘာသတင်းရလို့ တော့မသိဘူး။ ဒီရွာကို အကြိမ်ကြိမ် လေးကြာင်းတိုက်ခိုက်နေတာ။ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရယ် အထူးဂရုစိုက်လို့ အထိခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ဘုတ်ထမ်းရွာကို ၂၀၂၅ ခု အောက်တိုဘာ ၂၅ ရက်ကလည်း လေယာဉ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ပြီး နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


