
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၁ နာရီကျော်လောက်မှာ မုံရွာ နမခ က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ရွာအရှေ့ပိုင်းကို ကြဲချသွားတာ။ ဗုံးသီး ၂ လုံးကြဲချတာဗျ။ အဲလိုကြဲချလို့ အမျိုးသမီးတဦး ကျည်စ ထိမှန်သလို လူနေအိမ် ၂ လုံးပျက်စီးပြီး နွား ၄ ကောင် သေဆုံးခဲ့ရတယ်” လို့ ပြောပါတယ်။
ဇရပ်ကုန်းရွာဟာ မြောင်မြို့အနောက်ဘက် ၈ မိုင်ကျော်ကွာဝေးပြီး အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြောင်ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တယောက်က “နမခ တက်လာကတည်းက ဂျိုင်ရို ကော်ပတာက ၃ စီး တက်လာတာ။ ချောင်းဦးမြို့နယ်ဘက်ရာက်တော့ တစီးက ပြန်လှည့်သွားပြီး ရွာကို ကျန်တဲ့ ၂ စီး နဲ့ ဗုံးကြဲချသွားတာ။ ကြဲချတဲ့ ဗုံးသီးအရေအတွက်က ၂ လုံး ကြဲချသွားတာ။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘဲကို ကြဲချသွားတာပါ” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မနက် ၈ နာရီဝန်းကျင်အချိန်မှာလည်း စစ်တပ်က ဇရပ်ကုန်းရွာကို လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ညနေကလည်း မြောင်မြို့နယ်၊ ဇရပ်ကုန်း ကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


