
စစ်ကောင်စီလက်အောက်ခံ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ ညနေမှာ တွေ့ဆုံဖို့ရှိတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက DVB ကို ပြောပါတယ်။
နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၂ ရက်ကျင်းမဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားတာဖြစ်သလို အခုတွေ့ဆုံမှုက အလွတ်သဘော တွေ့ဆုံမှုဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲကြီး ပုံစံမျိုး မဟုတ်ပေမဲ့ တစုံတရာ ပြောဆိုဖို့ရှိလို့သာ အခုလို ခေါ်ယူတွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုနေ့ကို တက်ရောက်ဖို့ နိုင်ငံရေးပါတီတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေတဆင့် ဖိတ်ကြားထားတာဖြစ်ပြီး တစုံတရာ တွေ့ဆုံဆွေးနွေးမဲ့ အကြောင်းအရာတွေ မရှိဘူးလို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
ဒီတခါတွေ့ဆုံမှုမှာတော့ အာဏာသိမ်းစစ်ကောင်စီဘက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ 7 EAO Alliance အဖွဲ့တွေထဲက ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ရဲဘော်မျိုးဝင်းတို့ကို တက်ရောက်ဖို့ ဖိတ်ကြားခြင်း မရှိပါဘူး။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ကတော့ နေပြည်တော်မှာလုပ်တဲ့ပွဲတိုင်းကို တက်ရောက်ဖို့ သူတို့အဖွဲ့ကို မဖိတ်ကြားတဲ့ အခါမျိုးတွေ ရှိပေမဲ့ ဘာကြောင့်မဖိတ်သလဲ ဆိုတဲ့အဖြေကို မသိဘူးလို့ DVB ကို ပြောပါတယ်။


