စစ်ကောင်စီတပ်အတွက် စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာဟာ ၂ နှစ်နီးပါးကြာ ပိတ်ဆို့ခံထားရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိုးဖောက်ဖို့ လုပ်ဆောင်လာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းပစ်ကူ အလွန်အကျွံသုံးစွဲကာ ခုခံကာကွယ်နေပါတယ်။
လက်ရှိမှာတော့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံထားရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့ အခြေစိုက် ခမရ ၃၄၀၊ ခမရ ၃၄၁ ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အင်အားဖြည့်တင်းထားတဲ့ ဖာပွန်ဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်ကစပြီး ဝိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။
၂ နှစ်နီးပါးကြာ ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက ဖာပွန်ဗျူဟာကနေ ထိုးဖောက်ဖို့ ကြိုးစားလာသလို KNLA ပူးပေါင်းတပ်ဖွဲ့တွေကလည်း အပြီးသတ် စခန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “ဟိုဘက်(စစ်တပ်)ကလည်း ဖောက်ထွက်ဖို့ လုပ်လာတယ်။ ဒီဘက်ကလည်း တိုက်ခိုက်ဖို့အချိန် ဖြစ်နေတဲ့အခါကျတော့ တိုက်ပွဲတွေ ကြီးကြီးကျယ်ကျယ်ဖြစ်တယ်။ စကစဘက်က သူတို့ တချို့တပ်ရင်း(ကာကင်း) စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရရှိတယ်။ နောက်ပိုင်းကျတော့မှ စကစဘက်က သူတို့ လေကြောင်းတွေ အကြီးအကျယ်သုံးတဲ့အခါကျတော့ ရရှိထားတဲ့ စခန်းတွေ ပြန်ဆုတ်ပေးလိုက်ရတယ်။ အဲလိုအခြေအနေမှာရှိတယ်။ လက်ရှိမှာတော့ သူတို့ ဗျူဟာစခန်းမှာ အကုန်လုံး စုပြီးတော့ ပြန်နေကြတယ်။ ဒီဘက်မှာလည်း အရင်တုန်းကလို ပြန်ပြီးတော့ ဝိုင်းဝန်းပြီးတော့ စောင့်ကြပ်နေတယ်။ သူတို့လည်း အပြင်ထွက်လို့လည်း မရဘူး” လို့ ပြောပါတယ်။
ဖာပွန်ဗျူဟာမကျဖို့ လေကြောင်းအလွန်သုံးစွဲပြီး နေ့ည ဗုံးကြဲတိုက်ခိုက်တာ၊ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးသူတွေ ရှိခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။
မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်ရွာအတွင်းနဲ့ စစ်ကောင်စီတပ်စခန်း ထီးသဲလယ်လက်နက်ကြီးကုန်းအနီးမှာလည်း ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က Y12 လေယာဥ်နဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဗုံးသီးတွေ ၅၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီစခန်းဖြစ်တဲ့ ထီးသဲလယ်စခန်းကို KNLA ပူးပေါင်းတပ်ဘက်က စခန်းသိမ်းဖို့ ဝိုင်းထားတာကြောင့် ဝေါ်လေမြိုင်ရွာသားတွေက စစ်ရှောင်နေကြပြီး လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတော့ မရှိပါဘူး။
ဒါ့အပြင် ဇန်နဝါရီ ၇ ရက်က တပ်စခန်းအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မူမဲ့တောကျေးရွာက ဒေသခံ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဖာပွန်ဗျူဟာဟာ စစ်ကောင်စီအတွက် အရမ်းကို မဟာဗျူဟာကျတဲ့အတွက် ဗျူဟာမကျရေး အသေအလဲ ခုခံကာကွယ်နေတာလို့ ပြောပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “စစ်ရေးအနေနဲ့ကတော့ သူက ကရင်နီ(ကယား)နဲ့ ကရင်ကို ကြားခံထားတဲ့ ဧရိယာတခု ဖြစ်တယ်။ နောက်တခုကကျတော့ စစ်ရေးအရ အရမ်းကိုမှ မဟာဗျူဟာကျတဲ့ ဧရိယာဖြစ်တယ်။ တကယ်လို့သာ ဗျူဟာကျသွားရင် ဒီ တောင်ငူ၊ နေပြည်တော်ကို တိုက်ရိုက်ဝင်လို့ရမဲ့ ဝင်ပေါက် ဖြစ်သွားနိုင်သလို အဲဒီအပေါက်ကနေ ဝင်ချလာပြီးတော့မှ ဒီ ပဲခူးဧရိယာတဝိုက် ပဲခူးရိုးမနဲ့ ပဲခူးမြို့ သထုံ၊ ဘီးလင်း၊ ကျိုက်ကော်၊ သိမ်ဇရပ် အဲဒီဘက် စစ်ရေးအရ လမ်းကြောင်းတွေ ပေါက်သွားဖို့ကိစ္စက ရှိနေတယ်။ ပြီးတော့ နောက်တခုကကျတော့ ဒီ ကယားနယ်စပ်ဖြစ်တဲ့အတွက် ကရင်နီဘက်ကနေပြီးတော့လည်း သူကနေပြီးတော့ စစ်ကူတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ တောက်လျှောက်ဆင်းလို့ရတဲ့ လမ်းက ရှိနေတဲ့အခါကျတော့ အဲဒီအပေါ်မှာ စိုးရိမ်ပြီးတော့ သူက ဖာပွန်ဗျူဟာမကျရေး အသေအလဲကို ခုခံကာကွယ်နေတယ်လို့တော့ ယူဆရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါးဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အတွက် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အောင်ခန့်




