Home
မြန်မာသတင်း
နမခတွင် ရှေ့တန်းပို့ခံရသည့် ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
February 10, 2026

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးတယောက် ဖေဖော်ဝါရီ ၇ ရက် ညက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်သွားတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရှေ့တန်းမထွက်ချင်လို့ တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျအောင် ငွေပေးပြီး နေရာဝယ်ခဲ့တဲ့ ဗိုလ်ကြီးရဲမျိုးသူကို စခန်းမှူးက ရှေ့တန်းစေလွှတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်ခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ရှေ့တန်းမထွက်ချင်လို့ နမခ စခန်းမှူးရုံးမှာ တာဝန်ကျအောင် နေရာကို ငွေပေးဝယ်ထားတာ။ စခန်းမှူးက ချင်းပြည်နယ်ဘက်ကို စစ်ဆင်ရေးတွဲလိုက်လို့ စိတ်ဓာတ်ကျပြီး သတ်သေသွားတာ။ သတ်သေမယ်ဆိုလည်း သေချင်စရာ၊ ချင်းဘက်ကိုသွားတဲ့ စစ်ကြောင်းတွေက သွားတဲ့အဖွဲ့မှန်သမျှ အရာရှိတွေ ပြန်ပါမလာတာ များတယ်။”

ဗိုလ်ကြီးရဲမျိုးသူမှာ မူလက အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ တပ်ရေးဗိုလ်ကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့လိုက်တာလို့ ပုသိမ်တပ်နယ်က သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အရင်က နတခမှာ တပ်ရေးဗိုလ်ကြီး၊ အဲ့ကနေ နမခကို ပြောင်းသွားတာ၊ မိသားစုတွေကလည်း ရှေ့တန်းမပါရေးအတွက် လိုက်ကြပါတယ်။ ဗိုလ်မှူးချုပ် မျိုးမင်းထွေး လက်ထက်အထိ အဆင်ပြေတယ်။ ဗိုလ်မှူးချုပ်ကျော်သူရ လက်ထက်ရောက်တော့ ရှေ့တန်းပို့တာပဲ။ မနေ့ကပဲ တပ်က သင်္ဂြိုဟ်လိုက်တယ်။”

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်ကို တာဝန်ယူရတာဖြစ်ပြီး စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ တိုင်းစစ်ဌာနချုပ်အဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရှေ့တန်းကို အတင်းပို့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အရာရှိစစ်သည်တွေအပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလည်း အများအပြား ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013