
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးကာ ပြင်းထန်ဒဏ်ရာ ရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ ပေါက်မြို့နယ် လူသားစာနာအဖွဲ့တွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ပေါက်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ချက်ကန်ရွာထဲကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေကြဲသွားတာပါ။ ထိခိုက်သေဆုံးတဲ့ အရေအတွက် များတယ်လို့တော့ သိရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ ချက်ကန်ကျေးရွာနဲ့ ကျေးရွာဝန်းကျင်တွေကို မနက် ၁၁ နာရီဝန်းကျင်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်သွားတာဖြစ်ပါတယ်။
ပေါက်မြို့နယ် လူသားစာနာအဖွဲ့ တာဝန်ခံ ကိုပီကေက “ဗုံးတလုံးက ချက်ကန်ရွာထဲမှာရှိတဲ့ ဈေးဆိုင်တဆိုင်ပေါ်ကို ကျပြီးတော့ ဆိုင်ပိုင်ရှင်တွေနဲ့ စျေးဝယ်တွေဖြစ်ကြတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ သေဆုံးပြီးတော့ အပြင်းအထန် ဒဏ်ရာရသူက ၃ ယောက်ရှိနေတယ်။ တခြားဒဏ်ရာရသူတွေလည်း ၁၀ ယောက်ထက်မနည်း ရှိနေသေးတယ်လို့ ကနဦး သတင်းရထားပါတယ်ဗျ။ အတိအကျသိရဖို့လည်း ဆက်လက်စုံစမ်းနေပါတယ်” လို့ DVB ကို ပြောပါတယ်။
ဒီးဒုတ်ကွင်း ပျူစောထီးကျေးရွာနဲ့ ကပ်လျက်တည်ရှိနေပြီး အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ချက်ကန်ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေ မရှိသလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ဘက်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အပြစ်စ်မဲ့ပြည်သူ ၅ ယောက် သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေအပြင် ပြည်သူပိုင် အိုးအိမ်အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားကောင်းတဲ့ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေ အတွင်းကို မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တာတွေအပြင် လက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဆက်မပြတ် သတိပေး ထုတ်ပြန်ပေးနေပါတယ်။


