
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုး ကိုယ်စားပြု လွှတ်တော်တက်မဲ့ အမတ် ၃၅ ယောက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
လွှတ်တော်တက်မဲ့ အမတ် ၃၅ ယောက်ထဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အမတ် ၂၀၊ ရခိုင်ဦးဆောင်ပါတီက ၈ ယောက်နဲ့ ရခိုင်တိုင်းရင်းသားများပါတီက ၇ ယောက်တို့ ဖြစ်ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
အဲဒီလွှတ်တော်အမတ်တွေထဲမှာ ရခိုင်ပြည်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ၃ ယောက်၊ အမျိုးသားလွှတ်တော်အမတ် ၉ ယောက်၊ ပြည်နယ်လွှတ်တော်အမတ် ၂၁ ယောက်နဲ့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အမတ် ၂ ယောက်တို့ ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာသာ မဲပုံးထောင် ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပါဘူး။
ဒါပေမဲ့လည်း စစ်ကောင်စီဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ပြည်နယ်လွှတ်တော် အမတ်အဖြစ် PR စနစ်နဲ့ အမတ် ၁၇ ယောက်ကို စစ်ကောင်စီက အမတ်အဖြစ် တင်မြှောက်ထားတာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲမှာ PR ကိုယ်စားလှယ်အဖြစ်နဲ့ ဘယ်မြို့နယ်မှာ ဘယ်သူတွေ ယှဉ်ပြိုင်နေကြတယ် ဆိုတာကို မသိရှိရဘဲ မဲရလဒ် ကြေညာချိန်မှသာ သိရတယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့တဲ့ စစ်တွေဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ကျမတို့လည်း မဲထည့်တုန်းက လွှတ်တော်အမတ် ၃ ဦးပဲ မဲပေးခဲ့တာ။ မဲရလဒ် ကြေညာချိန်မှ PR အတွက် ဘယ်သူတွေက အနိုင်ရတယ်ဆိုပြီး သိရတာ။ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေမှာလည်း အမတ်တွေ ရှိနေတယ်ဆိုပြီး အခုမှသိရတာ။ မဲပေးချိန်မှာ ဘာမှ သိခဲ့တာမရှိဘူး။”
PR စနစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲမကျင်းပခင်မှာ နိုင်ငံရေးပါတီတွေဘက်ကလည်း ကြေညာခဲ့တာ မရှိသလို ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ကြေညာခဲ့တာမရှိဘဲ ရွေးကောက်ပွဲပြီးမှ အနိုင်ရအမတ်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ PR စနစ်နဲ့ AA ထိန်းချုပ်မြို့နယ်တွေက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ထားတဲ့ အမတ်တွေဟာ ပြည်သူ့ကိုယ်စားပြုထားသူတွေ မဟုတ်ဘူးလို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီ ရွေးကောက်ပွဲမှာ မြောက်ဦးမြို့နယ်အမတ် ပါတယ်ဆိုပြီး သတင်းတွေမှာတော့ ကြားရတယ်။ ဘယ်သူဆိုတာတောင် တဦးမှမသိကြဘူး၊ စိတ်လည်း မဝင်စားကြဘူး။ သူက ဘယ်သူအတွက် ကိုယ်စားပြုမှာလဲ၊ သူတောင် မြေပြင်မှာ နေလို့မရတာ။ လွှတ်တော်မှာ ဘာကိုသွားဆွေးနွေးမှာလဲ မသိဘူး။ ပြည်သူ့ကိုယ်စားမပြုတဲ့သူက အမတ်ဆိုတော့ စစ်ကောင်စီ ရွေးကောက်ပွဲက အတုအယောင်ဆိုတာ ပေါ်လွင်ပြီးသား ဖြစ်တယ်။”
စစ်ကောင်စီရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ဟာ ကြံ့ခိုင်ရေးအမတ်တွေကို မဲရှုံးခဲ့ပါတယ်။
စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ် ၇၃၉ ယောက်နဲ့ အများဆုံး အနိုင်ရရှိပြီး တစညပါတီက ၆၈ ယောက်နဲ့ ဒုတိယအများဆုံး အနိုင်ရကာ ကျားဖြူပါတီက ၃၉ ယောက်နဲ့ တတိယအများဆုံး အနိုင်ရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


