
ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၇ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ည ၉ နာရီ ၁၁ မိနစ်လောက်မှာ စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်လို့ ကျောက်တော်မြို့က အရပ်သား ၄ ယောက်သေဆုံးခဲ့သလို မြောက်ဦးမြို့မှာလည်း ဝေသာလီဟိုတယ်မှာ စစ်ဘေးရှောင်ရင်းခြံစောင့်လုပ်နေတဲ့ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာက မိသားစုဖြစ်တဲ့ ဖခင်၊ မိခင်နဲ့ လသားအရွယ်ကလေးငယ်တို့ သေဆုံးခဲ့ရတယ်လို့ ရခိုင်အခြေစိုက် စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။
ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှာ အရပ်သား ၂ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“တခါတည်း လာပြီး ပိုက်သည်ရပ်ကွက်ကို ချတာပါ။ ပွဲချင်းပြီး ၂ ယောက်သေတယ်၊ တယောက် ဒဏ်ရာရတယ်လို့ သိရတယ်။”
မနေ့ ည ၉ နာရီ ၁၅ မိနစ်လောက်က ပိုက်သည်ရပ်ကွက်ကို ဗုံးကြဲချခဲ့တဲ့အတွက် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ပွဲချင်းပြီး သေဆုံးသွားကာ တခြားအမျိုးသမီးတယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အလားတူ ည ၉ နာရီ ၂၀ မိနစ်ခန့်မှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ မြောက်ဦးမြို့ (အလယ်စျေး) စစ်ကောင်စီတပ် နေရာဟောင်း ၅၄၀ အနီးကို ဗုံး ၂ လုံး ထပ်မံကြဲချခဲ့လို့ ဒေသခံ အရပ်သား ကလေးငယ်တယောက် အပါအဝင် အသက်ကြီးပိုင်း အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဗုံးပေါက်ကွဲသံ အကျယ်ကြီး ကြားရတယ်။ အကုန်လုံးက ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်။”
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနက အရေးပေါ် ဆေးကုသမှု ပေးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ကလည်း မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လူနာ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၃၃ ယောက် သေဆုံးခဲ့ပြီး ၇၇ ယောက် ဒဏ်ရာရကာ ဆေးရုံတခုလုံးလည်း ပျက်စီးခဲ့ပါတယ်။
Photo: Wai Hun Aung


