
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးတယောက် ကျွဲခတ်ခံရပြီး သိမ်ဇရပ်ဆေးရုံကတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က သိမ်ဇရပ်မြို့ စစ်ကွင်းနဲ့ မုက္ခမော့ရွာကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၇၇ လက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်က ထွက်ပြေးတဲ့ အရပ်သား ကျွဲပိုင်ရှင် ဦးအေးသိန်းကို ပစ်သတ်တာကြောင့် ကျွဲက ဝင်ခတ်တာလို့ သိရပါတယ်။
သိမ်ဇရပ်ဆေးရုံနဲ့ နီးစပ်သူတယောက်က “ဆေးရုံရောက်လာတာတော့ တပ်မ ၇၇ တံဆိပ်နဲ့ ဗိုလ်မှူးပဲ။ သိမ်ဇရပ်ဆေးရုံကနေ ရန်ကုန်ဆေးရုံကို ပို့လိုက်ပြီ။ ဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့ဆိုတော့ သေဖို့များတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးသလို အရပ်သားတွေဖြစ်တဲ့ မုက္ခမော့ရွာမှာနေတဲ့ အခိုင်ရွာသား ဦးကြက်ဥ (၅၀ နှစ်)၊ မုက္ခမော့ရွာဒေသခံ ဦးအေးသိန်း (၆၅ နှစ်)၊ စစ်ကွင်းရွာဒေသခံ ဦးစောနောင် (၆၀ နှစ်) နဲ့ ဒေါ်မအေး (၆၅ နှစ်) တို့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
မုက္ခမော့ရွာ ဒေသခံတယောက်က “တိုက်ပွဲဖြစ်လို့ ထွက်ပြေးတဲ့ ဦးအေးသိန်းကို စစ်တပ်က ပစ်သတ်လိုက်တာ။ အဲဒါ သူ့အိမ်မှာမွေးထားတဲ့ ကျွဲက ဝင်ခတ်လို့ စစ်သားတယောက်ကတော့ အူပွင့်သွားတယ်။ အဲဒါ စစ်တပ်က ကျွဲအုပ်ကို ပစ်သတ်တာ ကျွဲ ၄ ကောင်သေတယ်။ ကျွဲသေတွေကို တုတ်တုတ်နဲ့ သယ်သွားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်ဟာ မုက္ခမော့ကျေးရွာ နေအိမ်တွေက ပစ္စည်းတွေကို ယူဆောင်သွားသလို လက်ရှိမှာ ကျောက်ရေတွင်းရွာမှာ တပ်စွဲထားပြီး အရပ်သား အယောက် ၅၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးနေတာကြောင့် မုက္ခမော့၊ ခရွဲ၊ ချောင်းဝ၊ စစ်ကွင်း၊ ကျောက်ရေတွင်း၊ အခိုင်ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၇ ရွာဝန်းကျင်က ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။


