
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပေမဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ဒေသခံသတင်းရင်းမြစ်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့တွေ မြို့ပတ်ဝန်းကျင်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီ ၁၁ ရက်အထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလို့ ဒေသခံတယောက်က ပြောပါတယ်။
“အခြေအနေကတော့ ဖြစ်နေဆဲပဲ၊ အဲ့အနေအထား၊ မြို့ပတ်ဝန်းကျင်တွေမှာ ဖြစ်နေတာပါ။”
ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေက မြို့ပြင်ဘက်ကို ထွက်လာတာကြောင့် တမနက်လုံး တိုက်ပွဲဖြစ်ပွားနေခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ပြုလုပ်နေပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ မတိုက်ခိုက်မီအချိန်က နေရာတွေအထိ ပြန်လည်ရရှိဖို့ စကစနဲ့ SNA တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ကို ကျော်လွန်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ဘက်ကို ထိုးစစ်ဆင်လာနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ အင်းတော်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ ၅ လအကြာ ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။


