
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ဒီဇင်ဘာလကနေ ဖေဖော်ဝါရီ ၈ ရက်အထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၉၆ ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၁၀၁ ယောက် ဖမ်းမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ကန့်ဘလူခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကောလင်းမြို့က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီစခန်း ၄ ခုဖြစ်တဲ့ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့ (ပျူစောထီး) ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က ပေကြီး (ပျူစောထီး) ရွာစခန်း၊ ငှက်ပျောတိုင်း (ပျူစောထီး) စခန်းနဲ့ ကျွန်းလှမြို့နယ်ရှိ အင်တိုင်း (ပျူစောထီး) ရွာစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ကောလင်းမြို့ပေါ်ကနေ ကောလင်းမြို့နယ်၊ သရက်ခုံရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဖေဖော်ဝါရီ ၇ ရက်မှ ၈ ရက်အထိ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း ရန်သူ့ဘက်မှ ၉၆ ယောက် သေဆုံးပြီး ၃၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံ့ပန်း ၁၀၁ ယောက် ဖမ်းဆီးမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၁၈၇ လက်၊ ကျည်မျိုးစုံ အတောင့် ၂၅,၀၀၀၊ ဗုံးသီးအလုံး ၅၃၀ နဲ့ စစ်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပေကြီးရွာစခန်းနဲ့ ငှက်ပျောတိုင်းရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ပြီး အင်တိုင်းရွာစခန်းနဲ့ ကိုးတောင်ဘို့ရွာစခန်းကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကိုတော့ ကန့်ဘလူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုတွေကို PDF၊ ပကဖနဲ့ အာရက္ခတပ်တော် (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


