
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ပဲခင်းကျော်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၁၃ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့လို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူ့ နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲါ့တယ်။
ဖေဖော်ဝါရီ ၁၆ ရက်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်ရှောင်ပြည်သူ ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီကနေ သိရပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတယောက်က “တောင်သာ-ရုံးစည်ကြီး ကားလမ်းအတိုင်း အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ပဲခင်းကျော်ရွာထဲကို ၁၁ ရက်နေ့မှာ ဝင်ပြီး တပ်စွဲတယ်။ အဲဒီစစ်ကြောင်း ပြန်ထွက်မဲ့ ၁၃ ရက်နေ့မှာ ရွာမြောက်ပိုင်းကို မီးရှို့ခဲ့ကြတာ စာသင်ကျောင်းဆောင်တွေနဲ့ ဘုန်းကြီးကျောင်းရယ်၊ အိမ်က အလုံး ၅၀ လောက် မီးလောင်ပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပဲခင်းကျော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေရဲ့ လယ်ယာထွက်ပစ္စည်းတွေ ဖြစ်ကြတဲ့ စပါး၊ မြေပဲနဲ့ ပဲစင်းငုံတွေကိုပါ ၁၂ ဘီးကားတွေနဲ့ တင်ဆောင် ယူငင်သွားခဲ့ကြတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း စတင်ဝင်ရောက်လာတဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ ပဲခင်းကျော်ကျေးရွာက ဒေသခံတွေဟာ ကြောက်လန့်ထွက်ပြေး တိမ်းရှောင်နေကြရပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာလည်း စစ်ကောင်စီတပ်က ပဲခင်းကျော်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပဲခင်းကျော်ရွာနဲ့ မကျီးပင်ရွာတွေ ကြားမှာရှိတဲ့ စစ်ဘေးရှောင်တွေနေတဲ့နေရာကို နေ့လယ် ၂ နာရီခွဲလောက်မှာ တကြိမ်၊ ညနေ ၄ နာရီလောက်မှာ တကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ခါ ကြဲသွားတယ်။ ပဲခင်းကျော်ရွာကနေ ထွက်ပြေးလာပြီး စစ်ဘေးရှောင်နေကြသူတွေထဲက ၄ ယောက် ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့တော့ သိထားရပါတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ ပဲခင်းကျော်ကျေးရွာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို မီးရှို့ကာ ဆက်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။
တိုက်ပွဲအခြေအနေကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဘက်က ဆက်လက် ထုတ်ပြန်သွားမှာဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံတွေ အထိနာခဲ့တာကြောင့် ပဲခင်းကျော်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။
ပဲခင်းကျော်ကျေးရွာကို မီးရှို့သွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြလို့ အထိနာသွားတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းမှာတော့ အောင်သာကျေးရွာကို ရောက်ရှိသွားပြီး အောင်သာကျေးရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲနေကြတာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့လည်း သတိနဲ့ နေထိုင်သွားလာကြဖို့ တောင်သာမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေး ထားပါတယ်။


