
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၃ ရက်အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်နဲ့စျေးဆိုင်ခန်းတွေ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စစ်တပ်က ဒမငယ်ရွာနဲ့ ညောင်တိုရွာတွေမှာ အထိုင်ချနေတာ ၂ လလောက်ရှိပြီ။ ဒမငယ်ရွာမှာ တပ်စွဲနေကြတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေပေါင်းပြီး ရွာတွေကို မီးပတ်ရှို့နေတာပါ။ ၉ ရက်နေ့က အိမ်သုံးဆယ်၊ ကျောက်ကုန်းတာခွ၊ ဘန်ကောက်တန်းရွာတွေဘက်နဲ့ ၁၃ ရက်နေ့မှာ ညောင်လှ၊ ရွာသာယာ၊ ကွင်းစမ်းရွာတွေဘက် စစ်ကြောင်းထိုးပြီး အိမ်တွေနဲ့ လမ်းဘေးဆိုင်ခန်းတွေကို မီးရှို့သွားကြတာပါ။ အဲဒီရွာ ၆ ရွာပေါင်းမှာ မီးလောင်ခံရတဲ့ အိမ်တွေနဲ့ စျေးဆိုင်ခန်းတွေပေါင်းလိုက်ရင် ၅၀ ဝန်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။
နတ်စစ်သည်အဖွဲ့ရဲ့ တာဝန်ခံ ကိုအောင်က “အိမ်သုံးဆယ်ရွာတွေဘက်က ပြည်သူပိုင်အိမ်တွေကို အကြောင်းမဲ့မီးရှို့သွားကြတဲ့ အင်အား ၁၅၀ လောက်ပါတဲ့ ရန်သူစစ်ကြောင်းကို ၁၁ ရက်နေ့နဲ့ ၁၂ နေ့တွေမှာ လိုက်ပြီးပစ်ခတ်ခဲ့ကြလို့ ၂ ရက်ဆက် တိုက်တိုက်ပွဲတွေ ဖြစ်ခဲ့ကြသေတယ်။ တိုက်ပွဲထဲမှာ သူတို့ဆီက သေတဲ့အလောင်း ၂ လောင်းတွေပြီး သေနတ် ၁ လက်လည်း သိမ်းဆည်းရခဲ့တယ်။ အဲဒီတိုက်ပွဲထဲမှာ သူတို့ဘက်က အထိနာပြီးတော့ ခွေးပြေးဝက်ပြေး ပြေးကုန်ကြတယ်။ ကျနော်တို့ဘက်ကလည်း ရဲဘော် ၁ ယောက်ကျပြီးတော့ ၁ ယောက် ဒဏ်ရာရခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ညောင်လှကျေးရွာ၊ ရွာသာယာကျေးရွာနဲ့ ကွင်းစမ်းကျေးရွာတွေကို ဝင်ရောက်ကာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လူနေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့ကြတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ရေးအခြေအနေတင်းမာနေပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နတ်တလင်းမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၆ ယောက်လည်း ကျဆုံးခဲ့ရပါသေးတယ်။


