
ဧရာဝတီတိုင်းကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေပေါ် ကနေ အရပ်သားလူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
ညောင်တုန်းမြို့နယ်၊ ပန်တိုင်ဂိတ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်-မော်လမြိုင်ကျွန်း-မအူပင် ပြေးဆွဲနေတဲ့ ခရီးသည်တင်ကား တစီးပေါ်ကနေ လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးဖို့ရှိတာကြောင့်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
မျက်မြင်တွေ့သူတယောက်က “စစ်သားတွေက လူငယ်တွေရဲ့ မှတ်ပုံတင်ကို စစ်ဆေးပြီး ပါလာတဲ့ အထုပ်တွေကို သိမ်းဆည်းပြီး ဖမ်းလိုက်တာ။ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့ ကလေးတွေ လူငယ်တွေချည်းပဲ'' လို့ ပြောပါတယ်။
အဖမ်းခံရတဲ့လူငယ် ၃ ယောက်ဟာ ကိုထက်ဝင်း၊ ကိုလင်းလင်းနဲ့ ကိုမင်းသူ တို့ဖြစ်ပြီး ဘယ်ကို ဖမ်းသွားတယ် ဆိုတာတော့ မသိသေးပါဘူး။
မျက်မြင်တွေ့ရှိတဲ့ ခရီးသည်တယောက်က “အဖမ်းခံရတဲ့ ကလေးတွေက မအူပင်ဘက်ကလို့ သိရတယ်။ ခရီးသွား အချက်အလက်တွေ ပြည့်စုံရက်နဲ့ စစ်တပ်ကဖမ်းခဲ့တာ။ ကောင်လေးတွေက အတော်ကြောက်နေတဲ့ပုံပဲ”လို့ ပြောပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်း အဝင်ဂိတ်ဖြစ်တဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ပါတဲ့ စစ်ဆေးရေးအဖွဲ့က သံဃာတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားတွေကို ကားပေါ်က ဆင်းခိုင်းကာ လမ်းလျှောက်ခိုင်းပြီး ဖမ်းဆီးစစ်ဆေးတာလို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ စစ်ဆေးရေးမှာ စစ်တပ်က အရပ်သားလူငယ်အမျိုးသားတွေကိုပဲ အဓိကထား စစ်ဆေးနေပြီ အရက်မူးနေတဲ့ စစ်ကောင်စီတပ်သားတချို့က လူငယ်တွေကို ကားပေါ်ကနေ ဆွဲချကာ ဆဲဆိုစစ်ဆေးနေတာလို့ ဒေသခံတွေဆီကသိရပါတယ်။
ရန်ကုန်-ဧရာဝတီ အဝေးပြေးယာဉ်တွေသာမက ရန်ကုန်-မန္တလေးနဲ့ တခြား နိုင်ငံတဝန်း ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်တွေပေါ်ကနေ လူငယ်လူရွယ်တွေကို စစ်ကောင်စီတပ်က စစ်ဆေး ဖမ်းဆီးပြီး အဓမ္မ စစ်မှုထမ်းခိုင်းနေတာတွေလည်း ရှိနေပါတယ်။


