
မြိုင်မြို့နယ် မြောက်ခြမ်း မြင့်စိုင်းကုန်းလမ်းဆုံကို ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁ နာရီ ကျော်လောက်မှာ စစ်တပ်က တံတာဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြင့်စိုင်းလမ်းဆုံက ကုန်မာဆိုင်ကြီးပေါ်ကို ကြဲချသွားတာ။ ဘာစစ် ကြောင်းမှမရှိဘူးနော်။ ဆိုင်ကလည်း သံထည်ပစ္စည်းတွေ၊ ကားပစ္စည်းနဲ့ စက်ပစ္စည်းတွေပဲ ရောင်းတာ။ အဲဒါကို အကြောင်းမဲ့သက်သက် ကြဲချသွားတာ။ အဆောက်ဦတော့ ပျက်စီးတယ်။ လူတွေကတော့ ကြိုတင်ပြင်ဆင်ချိန်ရလို့ အထိခိုက်မရှိခဲ့ဘူး” လို့ ရွာသားတယောက်က ပြောပါတယ်။
မြင့်စိုင်းလမ်းဆုံဟာ မြိုင်မြို့ရဲ့ မြောက်ဘက် ၈ မိုင်နီးသာဝေးပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ အချက်အချာကျ နေရာဖြစ်တာကြောင့် ဒေသခံတွေက ဈေးဆိုင်တွေ ဖွင့်လှစ်ရောင်းချနေပြီး လူစည်ကားရာ နေရာတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
မြိုင်အညာမြေအရပ်ဘက် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူ ဆရာထွေးက “ကျနော်တို့ သိရသ လောက် မေးတာကတော့ အဆောက်အဦပဲ ပျက်စီးပြီး လူထိခိုက်မှုမရှိဘူးလို့ သိထားရတယ်ဗျ။ လာတာကလည်း လေယာဉ်က တစီးထဲလာပြီး ပေါင်း ၃၀၀ ဗုံး ၂ လုံး ကြဲချသွားတာ။ အဲဘက်အပိုင်းကတော့ အရပ်သားပြည်သူတွေက ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ကိုင်ထားကြတော့ လူအထိခိုက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။
မြိုင်မြို့နယ်မြောက်ခြမ်းမှာ စစ်ကြောင်းထိုးတာမရှိ၊ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ့ စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ စိုရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။


