
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် အရပ်သားတယောက် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
သေဆုံးသူမှာ သစ်ဖြူကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဦးအုန်းဌေးဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ထင်းခုတ်ဖို့ အပြင်ထွက်လာရင်း သစ်ဖြူကျေးရွာအထွက် ခြံဝင်းထဲမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာတွေနဲ့ တခါတည်း သေဆုံးသွားတာ။ မိုင်းထိသေဆုံးသူက စစ်ဘေးရှောင်တယောက်လို့ သိရတယ်။ ထင်းသွားခုတ်ရင်းနဲ့ ဖြစ်တာ” လို့ ပြောပါတယ်။
အဲဒီ မိုင်းမြေမြှုပ်မိုင်း ပေါက်ကွဲတဲ့နေရာဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က စစ်ကောင်စီတပ်က လာရောက်စခန်းချ ခံစစ်ပြင်ခဲ့တဲ့နေရာဖြစ်ပြီး အရပ်သားတွေ ထင်းခုတ်၊ လယ်ယာလုပ်ဖို့ ဖြတ်သန်းသွားလာလေ့ရှိတဲ့နေရာလို့ သိရပါတယ်။
အခုလို အရပ်သားပိုင် လယ်ယာမြေတွေထဲမှာ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပွားလာတာကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေပြီး လယ်ယာလုပ်ငန်းနဲ့ မိရိုးဖလာ ထင်းခုတ်လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


