
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းက စစ်သားတွေဟာ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းမှာ လမ်းသွားလမ်းလာ အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပစ်ခတ်ခံရသူက စောင်တန်းကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၀ အရွယ် အမျိုးသားတယောက်ဖြစ်ပြီး ဆိပ်ခွန်ရွာကနေ စောင်တန်းရွာဘက်ကို ပြန်လာခဲ့တဲ့အချိန် စစ်တပ်အထိုင်စခန်း ကွင်းလမ်းထိပ်အရောက်မှာ ခွေးဟောင်တာကို ပြန်လည်အော်ဟစ် ဆဲဆိုရာကနေ ရဲစခန်းထဲက စစ်ကောင်စီတပ်သားတွေက လှမ်းပစ်ခတ်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲဒီ ကွင်းလမ်းထိပ်နဲ့ ရဲစခန်းက ကိုက် ၁၀၀ ကျော် ၂၀၀ လောက် ဝေးပြီး ညဆိုတော့ စစ်သားတွေက မမြင်ဘဲ ရမ်းသန်းပြီး ကျည်ကတ်ကုန်အောင် ဆွဲပစ်ကြတဲ့အတွက် လက်ကို ကျည်ရှပ်မှန်ဒဏ်ရာ ရရှိသွားတယ်။”
ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာသွား ကားလမ်းဘေးက ဆိပ်ခွန်ရဲစခန်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စတင်တပ်စွဲထားတာ ဖြစ်ပါတယ်။
အဲဒီလို တပ်စွဲထားတဲ့ ကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ဆိပ်ခွန်ရွာက အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရပြီး နေအိမ်တွေနဲ့ စာသင်ကျောင်းတကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။


