ရန်ကုန်မှာ အမှိုက်ပုံနဲ့ ကိုင်းတောမီးလောင်တာအပါအဝင် တရက်အတွင်း မီး ၇ ကြိမ် လောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ဒီမနက် အစောပိုင်း ၂ နာရီခွဲကျော်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်အပိုင်း ၂၊ ဆိပ်ကမ်းသာလမ်းမှာ ကိုင်းတောမီးလောင်ခဲ့ပြီး လှိုင်သာယာမြို့နယ် မီးသတ်စခန်းနဲ့ စက်မှုဇုန်က မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ် ၅ စီးနဲ့ နာရီဝက်ကြာလောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
မနက် ၃ နာရီခွဲကျော်မှာလည်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ရထားသံလမ်းဘေးမှာ မီးလောင်လို့ နာရီဝက်ကြာလောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီမီးလောင်ရာမှာတော့ ဗဟိုလမ်းမပေါ်က မောင်ဝင်း ကုန်စုံဆိုင်ရှင် သက်ကြီး အမျိုးသမီး ၂ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်မနေ့က မနက် ၆ နာရီလောက်မှာ သာကေတမြို့နယ်၊ ၉ ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ဘီပါဝါ လျှပ်စစ်ရုံးအနောက်မှာ ကိုင်းတောမီးလောင်ခဲ့ပြီး မနက် ၉ နာရီခွဲလောက်မှာတော့ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တိုက်ကြီး-ဖောင်ကြီးလမ်းဘေးမှာ အမှိုက်ပုံမီးလောင်ခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီ မိနစ် ၅၀ လောက်မှာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မပိုလမ်းမှာ မီးလောင်ခဲ့ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ နိဗ္ဗာန်လမ်းမှာ မြက်ခြောက်မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ညပိုင်း ၁၁ နာရီလောက်မှာတော့ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာမှာ မီးလောင်ခဲ့ပြီး နာရီဝက်ကြာလောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် ရထားလမ်းဘေးကအိမ်တွေ မီးလောင်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်ထဲမှာလည်း YBS ကားတစီး မီးလောင်ခဲ့ပါတယ်။




