ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ လက်ပံပင်ကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံးနဲ့ အိမ်စီးကား တစီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
လက်ပံပင်းကျေးရွာက ဦးသိန်းအောင်ရဲ့ နေအိမ်မှာ ဆိုလာအင်ဗာတာနဲ့ ဘက်ထရီအားသွင်းရာကနေ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တိုင်းမီးသတ်တာဝန်ရှိသူတယောက်က “ဆင့်ပွားကူးစက်တာကြောင့် အိမ် ၆ လုံးအထိ မီးလောင်တဲ့အထဲ ပါသွားတာ။ လက်ပံပင်ကျေးရွာက အသက် ၆၆ နှစ်အရွယ် နေအိမ်ပိုင်ရှင်ရဲ့ အိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာ။ ပြည်သူတွေက မီးသုံးစွဲရာမှာ သတိပြုသုံးကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် အိမ်စီးကား၊ ပေ ၄၀ နဲ့ ၂၀ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၆ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“လူတွေ ထိခိုက်၊ သေဆုံးတာမရှိဘူး။ မီးသတ်က အချိန်မီငြှိမ်းသတ်နိုင်လို့ပါ။ အိမ်တွေတော့ ဆုံးရှုံးတယ်။ အိမ်တွေက တဆက်တည်း ဆောက်ထားတာ။ အချိန်မီ မီးကို မထိန်းနိုင်ရင် ဆုံးရှုံးမှုက ပိုများနိုင်တယ်။”
မီးလောင်မှုကို ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းနယ်မြေ၊ ကုန်းပြင်နယ်မြေ စတဲ့ မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် ၂ စီး နဲ့ ရေသယ်ယာဉ် ၂ စီး အသုံးပြုပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက စုပေါင်းမီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းမှုဖြစ်တဲ့ နေအိမ်ပိုင်ရှင် ဦးသိန်းအောင်ကို ရေကြည်မြို့နယ်၊ သီတာကုန်းပြင်နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။




