
အီရန်နိုင်ငံမှာ စစ်စခန်းအတွင်းရှိ လက်သမားအလုပ်ရုံတခု အကြီးအကျယ် မီးလောင်ပြီးတဲ့နောက် တီဟီရန်မြို့တော် အရှေ့ပိုင်းမှာ မီးခိုးတွေ မြင့်တက်လာတာကို ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြသထားပါတယ်။
ဗီဒီယိုထဲက အဆောက်အအုံတွေ၊ လယ်ကွင်းတွေ သစ်ပင်ပန်းမန်တွေ၊ မီးလောင်မှု ဦးတည်ရာနဲ့ မီးခိုးတွေက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ ပါတယ်။
အီရန်ရဲ့ တရားဝင်သတင်းဌာန Mehr က ဖေဖော်ဝါရီ ၆ရက်နှောင်းပိုင်းမှာ မီးလောင်မှုကို ဖော်ပြခဲ့ပြီး အီရန်ရဲ့ စစ်ဘက်ပူးတွဲဝန်ထမ်းတွေနဲ့ ဆက်စပ်နေတဲ့ စစ်ဘက် အဆောက်အအုံ တခုရဲ့ တည်နေရာကို အတည်ပြုခဲ့ပါတယ်။
မီးသတ်သမားတွေက မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အီရန်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
အလုပ်ရုံဟာ အီရန် စစ်ဘက်ပူးတွဲဝန်ထမ်းတွေနဲ့ ဆက်စပ်နေတဲ့ စစ်ဘက် အဆောက်အအုံတခုမှာရှိတယ်လို့ အသေးစိတ် မဖော်ပြဘဲ ပြောခဲ့ပါတယ်။
အစိုးရနဲ့ ဆက်စပ်နေတဲ့ နူးရ်သတင်းဌာနက မီးလောင်မှုကြောင့် "'တီဟီရန်မှာ ပေါက်ကွဲမှုဖြစ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမှုမီဒီယာမှာဖော်ပြခဲ့ပြီး တီဟီရန်မြို့အရှေ့ပိုင်းက ဓာတ်ပုံ တွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေခဲ့ပါတယ်။
အမေရိကန်က အစ္စရေးနဲ့အတူ ဇွန်လက ၁၂ ရက်ကြာ လေကြောင်းစစ်ပွဲမှာ အီရန်ကို တိုက်ခိုက်ခဲ့ပြီး အဓိက နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ထိပ်တန်းစစ်ဦးစီးချုပ်တွေနဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေ သေဆုံးခဲ့ပါတယ်။ အီရန်မှာ မီးလောင်မှုတွေနဲ့ ပေါက်ကွဲမှုတွေဟာ အစ္စရေး ဒါမှမဟုတ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ မကြာခဏ ဖြစ်စေခဲ့ပါတယ်။
Source: Reuters


