
အီရန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသ အပါအဝင် ကမ္ဘာတဝန်းမှာ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖေဖော်ဝါရီ ၂ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ကမ္ဘာကြီးအနေနဲ့ အီရန်နိုင်ငံအတွင်း သတ်ဖြတ်မှုတွေရဲ့ အတိုင်းအတာကို မြင်တွေ့နေရပြီး အီရန်အစိုးရဟာ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းမှာ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေ ပျံ့နှံ့စေဖို့ ငွေကြေးအလွန်အမင်း သုံးစွဲထောက်ပံ့နေကြောင်း ဇလန်းစကီးက ဝေဖန်ခဲ့ပါတယ်။
အထူးသဖြင့် ယူကရိန်းမြို့တွေနဲ့ ကျေးရွာတွေအပေါ် တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ အီရန်လုပ် “ရှာဟဒ်” ဒရုန်းတွေကြောင့် ထောင်နဲ့ချီတဲ့ ထိခိုက်ပျက်စီးမှုတွေကို ယူကရိန်းပြည်သူတွေအနေနဲ့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ ရပ်တည်ချက် လုပ်ဆောင်ပေးနေတဲ့ ဥရောပနိုင်ငံတွေရဲ့ လှုပ်ရှားမှုကို ကြိုဆိုကြောင်းလည်း ဇလန်းစကီးက ပြောဆိုခဲ့ပြီး ဥရောပသမဂ္ဂ (EU) အနေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်နေတဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကတော့ အဲဒီအဖွဲ့ကို အစောကတည်းက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သမ္မတ ဇလန်းစကီးက “ကမ္ဘာပေါ်က အကြမ်းဖက်သမားတွေ အားလုံးဟာ တူညီတဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ တုံ့ပြန်မှုမျိုးကိုသာ ရထိုက်ပြီးတော့ ဘယ်အကြမ်းဖက်သမားမှ အောင်ပွဲမခံစေရဘူး” လို့ ပြောသွားပါတယ်။
Source: Reuters


