
အီရန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေထဲက Khorramshahr 4 ဒုံးကျည်စနစ်ကို တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ အာကာသရေးရာ မြေအောက်ဒုံးကျည်စခန်းတွေထဲမှာ တပ်ဆင်ထားပြီးဖြစ်ကြောင်း အီရန်အစိုးရပိုင် Press TV က ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Khorramshahr 4 ဒုံးကျည်ဟာ ကီလိုမီတာ ၂,၀၀၀ (မိုင် ၁,၂၄၀) အထိ ပစ်ခတ်နိုင်ပြီး အလေးချိန် ကီလိုဂရမ် ၁,၅၀၀ (ပေါင် ၃,၃၀၀) ရှိတဲ့ ထိပ်ဖူးကို တင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ဒီဒုံးကျည်ဟာ လောင်စာရည်သုံး လက်နက်ဖြစ်ပြီး အဆင့်မြင့်နည်းပညာကြောင့် လောင်စာကို ကြိုတင်ဖြည့်ပြီးသားအတိုင်း နှစ်နဲ့ချီ သိမ်းထားလို့ရပါတယ်။
ဒါကြောင့် ရန်သူက တိုက်ခိုက်ဖို့ ပြင်နေတာကို သိတာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ နိုင်ငံအနှံ့မှာ အများကြီးရှိထားတဲ့ မြေအောက်ဥမင်စခန်းတွေထဲကနေ အသင့်ထုတ်ပစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ရန်သူက သူတို့စခန်းတခုကို ရှာဖွေတွေ့ရှိပြီး ဗုံးကြဲခဲ့ရင်တောင် ကျန်တဲ့စခန်းတွေကနေ ပြန်လည်တုံ့ပြန်နိုင်အောင် အမျိုးအစားတူ ဒုံးကျည်တွေကို နေရာအနှံ့က စခန်းအသီးသီးမှာ ခွဲထားလေ့ရှိတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံပိုင် မီဒီယာတွေရဲ့ အဆိုအရ ဖေဖော်ဝါရီ ၄ ရက်က Khorramshahr 4 ဒုံးကျည်တွေကို မြေအောက်ဒုံးကျည်စခန်းတွေမှာ တပ်ဆင်ထားတာဟာ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ရေးမူဝါဒကို ခံစစ်ကနေ တိုက်စစ်အသွင် ပြောင်းလဲဖို့ ကြေညာချက်နဲ့ တိုက်ဆိုင်နေတဲ့အပြင် အခုလုပ်ရပ်ဟာ ဒေသတွင်းနဲ့ ပြင်ပက ရန်သူတွေအတွက် ပြတ်သားတဲ့ သတိပေးချက်တခု ဖြစ်တယ်လို့လည်း အီရန်ဘက်က တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။
Source: Reuters


