Home
မြန်မာသတင်း
ရန်ကုန်-ဒလတံတား ယာဉ်ဖြတ်သန်းခ ကောက်ခံမည်
DVB
·
February 11, 2026
Photo: သားငယ်(DVB)

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအနေနဲ့ တည်ဆောက်ထားတဲ့ ရန်ကုန်-ဒလ တံတားပေါ်က ဖြတ်သန်းသွားလာမဲ့ မော်တော်ယာဉ်တွေကို မနက်ဖြန် ဖေဖော်ဝါရီ ၁၂ ရက် မနက် စတင် ငွေကြေးကောက်ခံသွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒလဘက်ခြမ်းက တိုးဂိတ်မှာ လက်ရှိ မောင်းတံစမ်းသပ်မှုကို လုပ်ဆောင်နေပြီး တံတားပေါ် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒလဒေသခံတယောက်က “တံတားအလယ်လောက်ကစပြီး ပိတ်နေတာ။ မနေ့ကလည်း တနေကုန်ပဲ။ ငွေကောက်ဖို့ မောင်းတံစမ်းသပ်နေတာလို့ ပြောတာပဲ” လို့ DVB ကို ပြောပါတယ်။

အဲဒီ တံတားအသုံးပြုခကို ဖေဖော်ဝါရီ ၁၂ ရက်က စတင်ပြီး ယာဉ်အမျိုးအစား ၄ မျိုးခွဲ ကောက်ခံမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ပြောထားပါတယ်။

တံတားပေါ် ဖြတ်သန်းတဲ့ ယာဉ်တွေကို Class 1 မှာ ၃ တန်အောက် အိမ်စီးကား အမျိုးအစားကို ကျပ် ၅၀၀ နှုန်း၊ Class 2 မှာ လိုက်ထရပ်၊ ကန်တာနဲ့ ဒိုင်နာယာဉ် အမျိုးအစားတွေကို ကျပ် ၁,၀၀၀ နှုန်း၊ Class 3 မှာ Mini Bus ယာဉ်တွေကို ကျပ် ၂,၀၀၀ နှုန်းနဲ့ Class 4 မှာ ကုန်တင်ယာဉ် ၈ ဘီး၊ ၆ ဘီးယာဉ်တွေကို ကျပ် ၄,၀၀၀ နှုန်း သတ်မှတ်ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် တံတားပေါ်ကို သတ်မှတ်ခွင့်ပြုထားတဲ့ မော်တော်ယာဉ်တွေသာ ဖြတ်သန်းသွားလာခွင့် ပြုမှာဖြစ်ပြီး လူဖြတ်သန်းခွင့် မပြုဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒလဒေသခံက “စနေ၊ တနင်္ဂနွေ ပေးဖြတ်မယ်လို့လည်း ကြားတယ်။ လူမဖြတ်ရဘူးလို့လည်း ဗီနိုင်းထောင်ထားတယ်၊ ဘယ်ဟာအတည်လဲတော့ မသိဘူး” လို့ ပြောပါတယ်။

ရန်ကုန်-ဒလ တံတားဟာ ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ NLD အစိုးရ လက်ထက်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီတံတားဖွင့်လှစ်လိုက်တဲ့အတွက် ဒလနဲ့ ရန်ကုန် ဆက်သွယ်သွားလာရ လွယ်ကူသွားတဲ့အတွက် ဒလဒေသခံတွေက ကျေနပ်နေကြပြီး အိမ်ခြံမြေဈေးကွက်လည်း သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013