
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေး တင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်လက်နက်ပစ္စည်း အကြွင်းကျန် ပေါက်ကွဲတာနဲ့ လက်နက်ကြီး ထိမှန်တာကြောင့် လူကြီးတွေအပြင် ကလေးသူငယ်တွေပါ ဆက်တိုက် ထိခိုက် သေဆုံးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
DVB က ပြုစုထားတဲ့ စာရင်းအရ ဖားကန့်မြို့ရဲ့ နှစ်ဖက် စစ်ရေးပဋိပက္ခကြားမှာ စစ်လက်နက်ပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်အထိ ကလေး ၃ ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ခဲ့ကာ ကလေး တချို့က ဒဏ်ရာပြင်းထန်လို့ မြစ်ကြီးနား ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကလည်း လုံးခင်းရွာအတွင်းမှာ နှစ်ဖက်တပ်တွေကြား တနေကုန် လက်နက်ကြီး၊ ဒရုန်းနဲ့ အပြန်အလှန် ပစ်ခတ်နေကြချိန် အရပ်သား နေအိမ်တချို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသားတယောက် သေဆုံးကာ၊ ကလေး ၃ ယောက် အပါဝင် ၈ ယောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးနဲ့ အကြွင်းအကျန် လက်နက်တွေကြောင့် ကလေးတွေ ဆက်တိုက် ထိခိုက်သေဆုံးနေတယ်လို့ ဖားကန့်မြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“၁၄ ရက် ညဦးပိုင်းကတည်းက အပြန်အလှန် ပစ်နေကြတာ။ လေယာဉ်နဲ့ ဗုံးတွေလည်း လာချတယ်။ အပြန်လှန်ပစ်လိုက်တာ ဘယ်လောက်ဆိုးသလဲဆိုရင် အိမ်တွေပေါ် ကျတာ။ လုံခင်းက ထမင်းစားနေတဲ့ အိမ်ပေါ် လက်နက်ကြီးကျပြီး ကလေးသုံးယောက် ဒဏ်ရာရတယ်။ ချက်ချင်း ဆေးရုံ ပြေးရတယ်။ တနေ့ကလည်း အပြန်အလှန် ပစ်ခတ်ကြရင်း ဗုံးသီး ကျန်ခဲ့တာတွေ ရှိတယ်။ လမ်းတွေပေါ် စိုက်ကျန်တာ ရှိတယ်။ အခုဆို နေအိမ်တွေထဲမှာတောင် တွေ့ရတယ်။ တောင်ပြိုရွာက ကလေးတွေက အဲဗုံးသီး ယူဆော့ကြတာ ကလေးတယောက် သေတယ်။"
KIA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်မှုအောက်က အရပ်သားတွေ နေထိုင်တဲ့ ရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ မကြာခဏ ပစ်ခတ် တိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးနေရပါတယ်။
ဒါ့အပြင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေသလို နှစ်ဖက်တပ်တွေ အသုံးပြုတဲ့ မြေမြှုပ်မိုင်းကြောင့်လည်း အရပ်သားတွေ ထိခိုက်သေဆုံးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကချင်စစ်မျက်နှာက ဖားကန့်မြို့ပေါ်မှာ နှစ်ဖက် အပြန်လှန် ထိုးစစ်ဆင်တိုက်ခိုက်နေကြပြီး အခြား ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီးမြို့တွေဘက်မှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။


