
ကော့ကရိတ်-မြဝတီ အာရှလမ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNLA ရဲ့ အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းကို စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဘက်က ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူ ရယူပြီး သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး KNLA လက်အောက်ခံ တပ်ရင်းတွေ၊ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက “လွန်ခဲ့တဲ့ ၂ ရက်က တိုက်ပွဲတွေ တအားပြင်းတယ်။ တနေ့တည်းကို ၃ ပွဲလောက် တိုးလိုက် ပြန်ဆုတ်လိုက်၊ တနေ့ကို ၃ ပွဲ ၄ ပွဲလောက် ဖြစ်တယ်။ အခုတော့ ဒီနေ့တနေ့တော့ ငြိမ်နေတယ်။ မနေ့က တော်တော် ပွဲတော့ကောင်းတယ်။ ဒရုန်းတွေကော လက်နက်ကြီးပစ်ကူတွေကော နောက် မြေပြင်ကော တအားကို ဖိတက်တယ်။ သူတို့က တပြိုင်တည်း စစ်ဆင်ရေးစမဲ့ပုံစံ။ သူတို့ မိန်းလမ်းမကြီးကို အာရှလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ သူတို့ကြိုးစားတယ်လို့ပဲ ကျနော် မြင်တယ်” လို့ ပြောပါတယ်။
၂၀၂၅ စက်တင်ဘာ ၅ ရက်က စစ်ကောင်စီက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်း တပ်သားသစ်တွေ အင်အားဖြည့်တင်းပြီး အာရှလမ်း၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ကန်းညီနောင်ဘက်ကနေ သာလွန်အင်အားနဲ့ ထိုးဖောက် ဝင်ရောက်လာပါတယ်။
ဒါကြောင့် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို KNLA ပူးပေါင်းစစ်ကြောင်းတွေက စက်တင်ဘာ ၆ ရက် မနက်ပိုင်းက ဆုတ်ခွာပေးခဲ့ရပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “လောလောဆယ် အနေအထားကတော့ မြဝတီ-ကော့ကရိတ် အာရှဟိုင်းဝေးလမ်းမှာ ရနေတဲ့ အကျိုးအမြတ်နဲ့ ပတ်သက်ပြီးတော့မှ သူတို့ အလုံးစုံ ထိန်းချုပ်မယ်။ နောက်တခုကကျတော့ ပြည်ပထွက်ခွာတဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ ပြည်သူတွေ၊ ဒီကနေ့ပြီးတော့ ရလာမဲ့ အခွန်အတုတ်တွေ။ ပြီးတော့ နယ်စပ်မှာရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ထောက်ပို့လုပ်နေတဲ့သူတွေ ဒါတွေကိုပါ သူက တပါတည်း ထိန်းချုပ်ဖို့ ရနိုင်သွားမယ်လို့ သူကတော့ မြင်ထားတယ်။ တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ ၅ ဖွဲ့ကိုလည်း အချင်းချင်း စည်းလုံးညီညွတ်မှုမရှိအောင် ထိုးခွဲလို့လည်း ရမယ်။ အဲဒီအမြင်တွေ ရှိတယ်။ အဲဒီအမြင်အပေါ်မှာ ဒီ အာရှဟိုင်းဝေးလမ်းကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့အတွက် သူ အစွမ်းကုန် ကြိုးပမ်းနေတယ်လို့တော့ သုံးသပ်မိပါတယ်” လို့ ပြောပါတယ်။
၂၀၂၅ ဩဂုတ် ၁၂ ရက်က တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရာမှာ အရေးပါတဲ့ မြဝတီ အမှတ် ၂ တံတားကို ဩဂုတ် ၁၈ ရက်က စပြီး ပိတ်ထားခဲ့ပါတယ်။
ဆက်လက်ပြီး ထိုင်းကုန်စည်တင်ယာဉ်တွေအပြင် သိုလှောင်တဲ့ နေအိမ်၊ ဂိုဒေါင်တွေအထိ လိုက်လံဖမ်းဆီးခဲ့ပါတယ်။
အောင်ခန့်


