
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ အာရက္ခတပ်တော် (AA) ရဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက် ညမှာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချောင်းတူကျေးရွာအနီးရှိ ထောင်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီခန့်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေ အတိအကျကို မသိရသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“မနေ့ညနေက ချောင်းတူကျေးရွာအနီးရှိ အကျဉ်းစခန်း ဗုံးကြဲတိုက်ခိုက်ခံရတာတော့ ဟုတ်တယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှု အချက်အလက် အတိအကျတော့ မသိရသေးဘူး။ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ ဗုံး ၄ ကြိမ် လာရောက်ကြဲသွားတာလို့ သိရတယ်။ ဒီစခန်းက အရင်လည်း တကြိမ် လေကြောင်းတိုက်ခိုက်ခံထားရတာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ ၂၀ သေဆုံးခဲ့ကြတာရှိတယ်။”
အခုတိုက်ခိုက်ခံရတဲ့ အကျဉ်းထောင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို သီးသန့်ထားရှိတဲ့ အကျဉ်းထောင်တခုဖြစ်ပြီး စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ချောင်းတူကျေးရွာအနီးက အကျဉ်းစခန်းကို စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၁ ယောက် သေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ ထားရှိတဲ့ အကျဉ်းစခန်း ၄ ခုကို ၅ ကြိမ်ထက်မနည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၀၀ နီးပါး သေဆုံးပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
စစ်ကောင်စီက တပ်ဖွဲ့ဝင်ဟောင်းတွေကိုတောင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ သူတို့မှာ လူသားချင်းစာနာစိတ်နဲ့ ရဲဘော်ရဲဘက်စိတ် မရှိတော့ဘူးဆိုတာ သိသာထင်ရှားစေတယ်လို့ ရခိုင်စစ်ရေးအကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်မှာ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ဗုံးကြဲတာ ဒီတကြိမ်ဆို ၅ ကြိမ်မြောက် ရှိလာပြီ။ ဒီဟာက စစ်ကောင်စီတပ်မှာ ရဲဘော်ရဲဘက်စိတ်နဲ့ လူသားချင်း စာနာမှုစိတ်မရှိဘူးဆိုတာ အသိသာကြီး မြင်ရတယ်။ စစ်သုံ့ပန်းတွေဆိုတာ စစ်ခေါင်းဆောင်တွေအတွက် တိုက်ခိုက်ပေးရင်း စစ်သုံ့ပန်းဘဝ ရောက်သွားတဲ့သူတွေ။ ဒီတော့ စစ်ကောင်စီတပ်ထဲမှာ ရှိနေတဲ့သူတွေလည်း သေချာစဉ်းစားသင့်ပြီ။ စစ်တပ်က သူတို့အပေါ် တကယ် ရဲဘော်ရဲဘက်စိတ် ရှိလားဆိုတာ ဆန်းစစ်ဖို့လိုအပ်ပြီ။”
စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ ထားရှိတဲ့ ပေါက်တောမြို့နယ်က အကျဉ်းထောင်၊ မောင်တောမြို့နယ်က အကျဉ်းစခန်း၊ မြောက်ဦးမြို့နယ်က အကျဉ်းထောင်နဲ့ ကျောက်တော်မြို့နယ်က အကျဉ်းထောင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ရခိုင်က မြို့၊ ရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း ဆက်တိုက်မြင့်တက်လာနေပါတယ်။


