Home
မြန်မာသတင်း
ဖာပွန်ဗျူဟာ ပြန်ရရန် စစ်တပ်က BGF၊ DKBA အကူအညီဖြင့် ထိုးဖောက်
DVB
·
February 18, 2026

စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အကူအညီနဲ့ စစ်ကြောင်းကြီး ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။

တဖက်မှာလည်း ဖာပွန်ဗျူဟာကို ဆက်လက်ပိတ်ဆို့ထားတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

၂ နှစ်နီးပါးကြာ ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက ဖာပွန်ဗျူဟာကနေ ထိုးဖောက်ဖို့ ကြိုးစားလာသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေကလည်း အပြီးသတ် စခန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်ရရေး စစ်တပ်နဲ့အတူ DKBA (ဗိုလ်ဘိ) အဖွဲ့၊ BGF ပူးပေါင်းအဖွဲ့တွေက ကမမောင်း-ဖာပွန်လမ်းအတိုင်း စစ်ကြောင်းကြီးတကြောင်း၊ ယွန်းစလင်းချောင်းနဲ့ သံလွင်မြစ်ကြားကနေ စစ်ကြောင်းတကြောင်း အပါအဝင် စစ်ကြောင်းငယ်လေးတွေနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာပါ။

KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “သူတို့အင်အား ခန့်မှန်းကြည့်တာ  ၂၅၀ ဝန်းကျင်လောက် ရှိမယ်။ အခုက သူတို့စစ်ကြောင်းက ယွန်းစလင်းချောင်းနဲ့ သံလွင်မြစ်ကြားမှာ အဲဒီဘက် တဖွဲ့၊ နောက်ပြီးတော့ ကမမောင်းနဲ့ ဖာပွန်လမ်းမ ကတိုင်တိအောက်က ဝါးသိုခိုကို ထိုးလာတဲ့ စစ်ကြောင်းက တဖွဲ့၊ စစ်ကြောင်းကြီးပေါ့။ အသေးလေးကတော့ သူတို့ခွဲထားတာ ရှိတယ်။ ဒီ ကမမောင်းကနေပြီးတော့ တက်လာတဲ့ စကစရဲ့ စစ်ကူစစ်ကြောင်းတွေ သူတို့က အခုထိက ဝါးသိုခိုလောက်ပဲ ရောက်သေးတယ်။ ရှေ့ဆက်တိုးလို့ မရသေးဘူး။ နောက်ပြီးတော့ စစ်ကူလာပြီး ဝိုင်းကူဖို့လာတဲ့ BGF တို့ DKBA (ဗိုလ်ဘိ) တို့ အဖွဲ့ကျတော့ ယွန်းစလင်းချောင်းနဲ့ သံလွင်မြစ်ကြားမှာ ယွန်းစလင်းချောင်းဝကနေ သူတို့တက်လာတယ်။ သူတို့က ရောက်တဲ့နေရာမှာပဲ ရှိသေးတယ်။ ဖာပွန်ဗျူဟာနဲ့ပတ်သက်ပြီး အရင်အတိုင်း စခန်းထဲမှာ စုနေတယ်။ တော်လှန်ရေးပူးပေါင်းတပ်က ဝိုင်းရံပိတ်ဆို့ထားတုန်းပဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဖာပွန်ဗျူဟာ မကျရေး စစ်ကောင်စီက လေကြောင်းပစ်ကူ အလွန်အကျွံသုံးစွဲပြီး ခုခံကာကွယ်ခဲ့ပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ဖာပွန်ဗျူဟာနဲ့ ပတ်သက်ပြီး စကမဘက်ကနေပြီးတော့ လက်မလွှတ်ရရေး အစွမ်းကုန် ကြိုးပမ်းနေတယ်ဆိုတာ အားလုံးလည်း သိပြီးသားဖြစ်မယ်။ သို့သော်လည်းပဲ KNU နဲ့ တော်လှန်ရေးတပ်ဖွဲ့ တပ်ပေါင်းစုတွေဘက်ကတော့ ဖာပွန်ဗျူဟာကို အရတိုက်ဖို့အတွက်လည်း သူတို့ဘက်က ကြုံးဝါးထားတယ်။ တကယ်လို ဖာပွန်ဗျူဟာက စကမလက်ထဲကို ပြန်ရောက်သွားမယ်ဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးအတွက်က စားနပ်ရိက္ခာအပိုင်း၊ လမ်းပန်းဆက်သွယ်ရေးအပိုင်း စစ်ရေးဗျူဟာအရ အများကြီးကိုမှ အားနည်းချက်တွေ ဖြစ်သွားနိုင်တယ် ဆိုတဲ့အပေါ်မှာ ဒါ သူ့ဘက် ကိုယ့်ဘက် မီးကုန်ယမ်းကုန် တိုက်နေကြတယ်လို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

ဖာပွန်ဗျူဟာ မကျဖို့ လေကြောင်းအလွန်အကျွံသုံးစွဲပြီး နေ့ ည ဗုံးကြဲတိုက်ခိုက်တာ၊ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးသူတွေ ရှိခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၇ ရက်က တပ်စခန်းအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနီးအနား ကျေးရွာက လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မူမဲ့တောကျေးရွာက ဒေသခံ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013