
မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူရာမှာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ပြင်ပမှာ ရာခိုင်နှုန်းယူပြီး ထုတ်ပေးသူတွေ အလုပ်ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မြို့ကြီးအများစုက ဘဏ်တွေမှာ ငွေသားထုတ်ယူရာမှာ လိုသလောက် ထုတ်ယူလို့မရဘဲ ဖြစ်နေတဲ့အတွက် ပြင်ပမှာ ရာခိုင်နှုန်းနဲ့ပေးပြီး ထုတ်နေရတယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတယောက်က “ဘဏ်မှာ ငွေသွားထုတ်တာ သိန်း ၅၀၀ ထုတ်တာကို သိန်း ၅၀ ပဲ ထုတ်ပေးတယ်။ တပတ်ကို ဘယ်လောက်ပဲ ထုတ်ရမယ် ဆိုပြီးတော့ပေါ့။ အဲဒီလိုကန့်သတ်ထားတော့ ဒီဘက်မှာကျ အဆင်မပြေတော့ဘူး။ အလုပ်သမားခ ရှင်းပေးဖို့တို့ ဘာတို့ကျ၊ နှောင့်နှေးတာတွေ ဖြစ်ကုန်တာပေါ့” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးခါစ အချိန်တုန်းကလည်း အလားတူ ဘဏ်တွေမှာ ငွေသားထုတ်မရတာတွေ ဖြစ်ခဲ့ဖူးပြီး ရာခိုင်နှုန်းနဲ့ ထုတ်ပေးသူတွေ အလုပ်ဖြစ်ခဲ့တာပါ။
အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာလည်း ဘဏ်တွေရဲ့ ကန့်သတ်မှုတွေကြောင့် ငွေထုတ်ပေးသူတွေ ပြန်လည်အလုပ်ဖြစ်လာတာ ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းရှင်က “အဲဒီတုန်းကဆို ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ထုတ်တာ ထုတ်မရလို့ အပြင်မှာ ၁၀ ရာခိုင်နှုန်းအထိ ပေးခဲ့ရတာ။ အခုကတော့ အဲဒီလောက်မများသေးဘူး၊ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်။ ဒီထက်များလာရင်တော့ မလွယ်ဘူးပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဗဟိုဘဏ်ဥက္ကဋ္ဌရဲ့ လက်မှတ်နဲ့ အမိန့်စာတခု လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး အဆိုပါအမိန့်စာမှတော့ ငွေသားနဲ့ ကျပ်သိန်း ၂၀၀ အထိသာ ရှင်းပေးဖို့နဲ့ သိန်း ၂၀၀ အထက် ကျော်လွန်ပါက ဘဏ်ငွေလွှဲစနစ်၊ ဒစ်ဂျစ်တယ် မိုဘိုင်းဘဏ် ဝန်ဆောင်မှုစနစ်တွေ အသုံးပြုပြီး ရှင်းပေးကြဖို့ ပါဝင်နေပါတယ်။


