Home
ဆောင်းပါး
နှုတ်ပိတ်ခံထားရသော ယောကျ်ားများ
DVB
·
February 17, 2026

“အဓိကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီဆိုရင် အမျိုးသမီးဆိုရင်တောင် ထုတ်ပြောဖို့ အင်မတန်ခက်ပါတယ်။ အဲဒီတော့ အမျိုးသားဆိုရင် ပိုဆိုးတာပေါ့။ သူတို့ရဲ့ဂုဏ်သိက္ခာကြောင့် ထုတ်မပြောကြဘူး။”

ဒီစကားကိုတော့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကိုအောင်မျိုးကျော်က ပြောဆိုခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးမှာ အမျိုးသားတွေဟာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေကြရပါတယ်။ ဒါပေမဲ့ သူတို့ကို စာနာကူညီပြီး ကိုယ်ချင်းစာသူ မရှိသလောက်ပါပဲ။ အမျိုးသားတွေဟာ အသံတိတ်နေကြရပါတယ်။

“အဓိက စစ်ကြောရေးမှာ အဖြစ်များတယ်။ စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ မတရားခံရတာတွေ ပြောလာကြတာရှိတယ်။ ဒါပေမဲ့ နာမည်အတိအကျ၊ သက်သေနဲ့ ပြောတာမျိုးကတော့ တော်တော်များများရှားပါးတယ်။ အဓိကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီဆိုရင် အမျိုးသမီးဆိုရင်တောင် ထုတ်ပြောဖို့ အင်မတန်ခက်ပါတယ်။ အဲဒီတော့ အမျိုးသားဆိုရင် ပိုဆိုးတာပေါ့။ သူတို့ရဲ့ဂုဏ်သိက္ခာကြောင့် ထုတ်မပြောကြဘူး။”

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Conflict-Related Sexual Violence - CRSV) ဆိုလျှင် အမျိုးသမီးတွေနဲ့ ကလေးတွေကိုသာ ပြေးမြင်လေ့ရှိပေမဲ့ ပဋိပက္ခအတွင်း အမျိုးသားတွေနဲ့ လိင်စိတ်ကွဲပြားသူတွေ (LGBTQ+) လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရလေ့ရှိကြောင်း ကိုအောင်မျိုးကျော်က ထောက်ပြပါတယ်။

လူမှုအသိုက်အဝန်းအတွင်း အမျိုးသားမဆိုနဲ့ အမျိုးသမီး LGBT တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အခြေအနေတွေမှာ Victim blame (ကျူးလွန်ခံရသူကိုအပြစ်တင်)တဲ့ ပုံစံတွေကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ အခြေအနေတွေက ထုတ်ဖော်ပြောဖို့ ခက်ခဲစေကြောင်း သူကဆက်ပြောပါတယ်။ 

“ဥပမာ အမျိုးသမီးတယောက် စော်ကားခံရတယ်ဆိုရင်တောင် စော်ကားတဲ့သူကို ဖော်ထုတ်ပြီးတော့ အပြစ်ပေး အရေးယူတာမျိုးထက် ပတ်ဝန်းကျင်က ဒီအမျိုးသမီးက လျှပ်ပေါ် လော်လီနေလို့ ဖြစ်တာ၊ အနေအထိုင်မှ မတတ်တာ ဖြစ်မှာပေါ့ဆိုတဲ့ ကျူးလွန်ခံရသူကို အပြစ်အရင်ဆုံးတင်တဲ့ အခြေအနေတွေက ပိုများတယ်။ အမျိုးသား ဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒီကောင်က ဘာလဲ ဒီလိုမျိုးခံခဲ့ရဖူးတဲ့ကောင်ပဲ ဆိုတာမျိုး ပြောမှာကို စိတ်ပူကြတယ်၊ ကြောက်ကြတယ်။ ဒါကြောင့် ရာခိုင်နှုန်းအများစုက ဘယ်သူမှ ထုတ်ပြောတာမျိုး မလုပ်ကြဘူး။” 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ၂၀၂၂ ခု၊ ဩဂုတ် ၂ ရက်မှာ "Myanmar: Military Brutality in Post-Coup Interrogations" (မြန်မာနိုင်ငံ -အာဏာသိမ်းပြီးနောက် စစ်ကြောရေးစခန်းများအတွင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ) ခေါင်းစဉ်နဲ့ Human Rights Watch (HRW) က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာအတွင်း ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ သတင်းအယ်ဒီတာ ကိုဟံသာငြိမ်းတို့ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် ရွှေပြည်သာစစ်ကြောရေးစခန်းမှာ ကြုံတွေ့ခဲ့ရတာတွေကို မှတ်တမ်းတင်ထားခဲ့ကြပါတယ်။

ကိုနေသန်မောင်ဟာ စစ်ကြောရေးစခန်းကို ရောက်ရှိပြီးနောက် ၈ ရက်တိုင်တိုင် မျက်စိအစည်းခံ ထားရကာ အပြင်းအထန် ရိုက်နှက်တာ၊ ကန်ကျောက်တာတွေကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူဟာ အမေရိကန်နိုင်ငံသားဖြစ်တာကြောင့် ဇွန် ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ သူနဲ့အတူ ဖမ်းဆီးခံရတဲ့ လုပ်ဖော်ကိုင်ဖက် ကိုဟံသာငြိမ်းမှာ ပိုမိုဆိုးရွားတဲ့ ညှဉ်းပန်းမှုတွေကို ခံခဲ့ရတဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုဟံသာငြိမ်းအပေါ် ကျူးလွန်မှုတွေဟာ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ ရင်ဘတ်၊ ပေါင်နဲ့ တင်ပါး တွေ (နူးညံ့သည့် နေရာများ) ကို မီးနဲ့ထိုးတာ၊ ရေခဲတုံးတွေပေါ်မှာ နာရီပေါင်းများစွာ ဒူးထောက်ခိုင်းတာ၊ ကြမ်းတမ်းတဲ့ ကြမ်းပြင်ပေါ် ဒူးနဲ့တွားသွားခိုင်းတာတွေကြောင့် ဒူးခေါင်း အရေခွံတွေ ပြတ်တောက်သွားခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

“သူတို့က ကျနော့်ကို မုဒိမ်းကျင့်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ အဝတ်အစားတွေ အကုန်ချွတ်ခိုင်းခဲ့တယ်” လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေကိုကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာ အမျိုးသားတွေကိုလည်း ရုပ်ပိုင်းဆိုင်ရာ နာကျင်စေရုံတင်မကဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ခြိမ်းခြောက်မှုတွေ (Sexualized Torture) ပါဝင်နေတယ်လို့ HRW က အလေးထားဖော်ပြထားခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် အဖွဲ့အစည်းကို လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ထောင်ထဲကနေ စာပို့လာတာမျိုးတွေနဲ့ တခြားတခြားသောသူတွေ ပြောလာတာတွေတော့ ရှိပေမဲ့ confidential (လျှို့ဝှက်ချက်) အနေနဲ့သာ မှတ်တမ်းပြုစုထားရကြောင်း AAPP မှ ကိုအောင်မျိုးကျော်က ဆက်ပြောပါတယ်။

“ကျူးလွန်ခံရတာကို သူတို့ ထုတ်ပြောလာပြီဆိုရင် ကာယကံရှင်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး နာမည်နဲ့တကွ ဘယ်သူဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ ဒီအချိန်မှာ ထုတ်ပြောလို့ မရသေးပါဘူး။ ကျနော်တို့က စနစ်တကျ မှတ်တမ်းပြုစုတယ်။ ဒီလိုမျိုးကိစ္စတွေ ကျူးလွန်နေပါတယ် ဆိုတာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေသိအောင် Advocacy lobby လုပ်တာတွေ လုပ်ပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာဟာ အမျိုးသမီးတွေ၊ LGBT တွေ တင်မဟုတ်ဘူး၊ အမျိုးသားတွေပါ ဖြစ်နေကြောင်း ထုတ်ပြောတာမျိုးတွေ ရှိပါတယ်။” 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဟာ မြန်မာနိုင်ငံက အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေထဲ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆယ်စုနှစ်ချီ စနစ်တကျ မှတ်တမ်းတင်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

AAPP က ၂၀၁၄ ခုနှစ်၊ မတ်လ “ငါတို့မြင်ရတဲ့ အမှောင်ထု” (The Darkness We See) အစီရင်ခံစာ၊ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း ထုတ်ပြန်တဲ့ Torture: A Systemic Tool of the Military Junta စတဲ့ အစီရင်ခံစာတွေကနေ အကြမ်းဖက်စစ်အုပ်စုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆယ်စုနှစ်ချီ စနစ်တကျ နည်းဗျူဟာတခုအဖြစ် အသုံးပြုနေကြောင်း ညွှန်ပြနေပါတယ်။ 

ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (UN Fact-Finding Mission) ရဲ့ ၂၀၁၉ အစီရင်ခံစာ စာမျက်နှာ ၄၀ မှာ "Male survivors" အမျိုးသား ရှင်သန်လွတ်မြောက်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်းအကြောင်းကို ဖော်ပြထားတာဖြစ်ပြီး အင်မတန်မှ ထိတ်လန့်စရာကောင်းကြောင်း တွေ့ရပါတယ်။

အမျိုးသား Survivor တွေဟာ သူတို့ရဲ့ လိင်အင်္ဂါကို စီးကရက်မီးနဲ့ ထိုးတာ၊ လျှပ်စစ်နဲ့တို့တာ၊ ဒါမှမဟုတ် လိင်အင်္ဂါကို ကြိုးနဲ့ချည်ပြီး ဆွဲတာမျိုးတွေ၊ စစ်ဆေးမေးမြန်းမှု တလျှောက်လုံး ကိုယ်တုံးလုံး ချွတ်ထားတာ၊ လိင်တူချင်း မုဒိမ်းကျင့်ခိုင်းတာ သို့မဟုတ် စစ်သားတွေကို အတင်းအကျပ် လုပ်ခိုင်းခိုင်းတာတွေ ထည့်သွင်းဖော်ပြထားပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (UN FFM) ရဲ့ ကောက်ချက်အရ ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်းအကြောင်းကို နှုတ်ဆိတ်နေရတာဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာကြောင့်မဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ ကဲ့ရဲ့မှုနဲ့ ‘ယောကျ်ားမပီသတော့ဘူး’ ဆိုတဲ့ အစွဲအလမ်းများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ကျူးလွန်သူ အာဏာရှင် အလိုချင်ဆုံး ရလဒ်ဖြစ်တဲ့ ‘သားကောင်ကို တသက်လုံး နှုတ်ပိတ်ထားခြင်း’ပင် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အမျိုးသားအချင်းချင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ပတ်သက်ပြီး speak out (ထုတ်ဖော်ပြောကြား)တာ မရှိသလောက် ရှားပါးမှုဟာ Culture (ယဉ်ကျေးမှု) နဲ့ social (လူမှုအသိုက်အဝန်း)အရ ဖြစ်နိုင်ကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ လရိပ်က ပြောပါတယ်။

“မရှိတာလားဆို မဟုတ်ပါဘူး။ ကျမအနေနဲ့တော့ အာဏာမသိမ်းခင်ကကော အာဏာသိမ်းပြီးနောက်မှာပါ မြန်မာနိုင်ငံရဲ့ ဘယ်တရားခုံရုံးမှာမှ အမျိုးသားအချင်းချင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ အမျိုးသားတဦးကို အုပ်စုဖွဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာမျိုး စသဖြင့် အမှုဖွင့်တိုင်ကြားတာ၊ ဖြေရှင်းပေးကြတာမျိုး မကြားဖူးပါဘူး။”

မြန်မာ့ယဉ်ကျေးမှုနဲ့ လူမှုစံနှုန်းသတ်မှတ်ချက်တွေကြောင့် ယောက်ျားလေးတဦးက တခြားယောက်ျားလေးတဦးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ် ဆိုတာမျိုး မပြောဝံ့ကြသလို လူမှုပတ်ဝန်းကျင်ကလည်း ယောက်ျားလေးသည် အကြမ်းဖက်မှုမခံရနိုင်ဘူးဆိုတဲ့ ထင်မြင်ယူဆချက်တွေကြောင့် ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

“နောက်တခုက ပြောလိုက်တယ် ဆိုရင်တောင် ယောက်ျားအချင်းချင်းကို ပြန်လုပ်လို့ မရဘူးလား။ ခံလာရလား ဆိုတာမျိုးတွေ  မုဒိမ်းကျင့်ခံထားရတဲ့အကောင် ဆိုပြီး ဘယ်ယောကျ်ားလေးကမှ အပြောမခံချင်ဘူး။ အထင်မခံချင်တာမျိုးတွေ ရှိတယ်။ အဓိကတော့ social က အများကြီး လွှမ်းမိုးနေတာပေါ့။”

အဓိက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာဟာ အမျိုးသားတွေလည်း ကျူးလွန်ခံရနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း မမေ့ထားဖို့လိုကြောင်း အမျိုးသားတွေကို ကျူးလွန်သူ role (နေရာ) က တရားသေ သတ်မှတ်ထားကြတာကြောင့် မုဒိမ်းကျင့်ခံရပြီဆို ကျူးလွန်တဲ့သူဟာ အမျိုးသားဆိုတာ တန်းမြင်ကြပြီး တပြိုင်တည်းမှာပဲ ကျူးလွန်ခံရတဲ့သူဟာလည်း အမျိုးသားဖြစ်နိုင်တယ်ဆိုတာ လူတွေ သိရှိဖို့ လက်ခံဖို့လိုကြောင်း လရိပ်က ပြောပါတယ်။

“လူမှုပတ်ဝန်းကျင်မှာ ယောက်ျားလေးတယောက်က အနိုင်ကျင့်လို့ ပြန်မလုပ်နိုင်ရင် သူငယ်ချင်းအချင်းချင်း ဆိုရင်တောင် ဒီကောင်က ငကြောက်ကြီးလား ဘာလား ဆိုတဲ့ စသလို နောက်သလို လှောင်ရယ်ကြတာတွေ ရှိတယ်။ ဆော်ခံထိဖူးတဲ့ကောင် ဆိုတာမျိုးတွေ ပြောကြတော့ လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုကတော့ ပိုခက်ခဲတာပေါ့။”

မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအပြင် ဖိုဝါဒကြီးစိုးနေတဲ့ လက်ရှိ အခြေအနေတွေအရ ကျူးလွန်ခံရတဲ့ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် အဆိုပါကိစ္စသည် ထိလွယ်ရှလွယ်ကိစ္စ ဖြစ်တော့ ထုတ်ဖော်ပြောဆိုဖို့နေရာမှာ ခက်ခဲကြသလို အကူအညီရယူတဲ့အခါမှာလည်း ခက်ခဲနိုင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောပါတယ်။

“ကျမအနေနဲ့ သုံးသပ်ကြည့်ရမယ်ဆိုရင် အမျိုးသမီးတွေထက်စာရင်တော့ အမျိုးသားတွေက ပိုဆိုးနိုင်ပါတယ်။ အဖွဲ့အစည်းတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ကူညီပေးနေတဲ့ ထောက်ပံ့ပေးနေတဲ့ ချိတ်ဆက်ပေးနေတဲ့ အဖွဲ့အစည်းတော်တော်များများက အမျိုးသမီးအဖွဲ့အစည်းတွေ များတယ်။ ဒီအခြေအနေမှာ ဂျန်ဒါ မခွဲခြားဘဲ ဘယ်လို ကူညီနေတယ် ပြောပြော အထူးသဖြင့် ရှင်သန်လွတ်မြောက်လာတဲ့ အမျိုးသားတွေအနေနဲ့တော့ အမျိုးသမီးအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး အကူအညီလှမ်းတောင်းဖို့နေရာမှာ သူတို့အတွက် ပိုပြီးအခက်အခဲရှိတယ်လို့ မြင်ပါတယ်။” 

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့တရား ဥပဒေယန္တရားက အဆိုးရွားဆုံးနဲ့ အနိမ့်ဆုံးအခြေအနေကို ရောက်ရှိနေသလို ပြည်တွင်းက တရားရေးကို ကိုးစားလို့ မရနိုင်တာကြောင့် နိုင်ငံတကာမှာရှိနေတဲ့ ICC လို ICJ လို ယန္တရားတွေကို အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ကျူးလွန်နေတဲ့အရာတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် ပိုလုပ်ဆောင်သွားရမှာတွေရှိကြောင်း သူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုသည် တရားမျှတမှု လုပ်သင့်၊ မသင့်ဆိုတာမျိုး Generation အလိုက် ခွဲခြားဆောင်ရွက်တာမျိုး မရှိသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုလုပ်ခံရတဲ့ အမျိုးသားအများစုကို ကြည့်ရင် ကျူးလွန်ခံရသူ အများစုသည် နိုင်ငံရေးအရ လှုပ်ရှားဆောင်ရွက်နေသူတွေ ဖြစ်တာဟာ အဆိုပါ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တက်ကြွပါဝင် လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေချင်တာ၊ သိမ်ငယ်မှုကြောင့် တဖြည်းဖြည်း နိုင်ငံရေးအရ ဝေးကွာသွားနိုင်တယ်ဆိုတဲ့ စဉ်းစားချက်တွေလည်း ပါကောင်းပါနိုင်ကြောင်း နော်ခင်စန်းထွေးက ပြောပါတယ်။

“အဆိုးဝါးဆုံးနဲ့ အဓိကစိန်ခေါ်မှုကတော့ သူတို့တွေ ဘယ်လိုပြစ်မှုတွေ ကျူးလွန် ကျူးလွန် အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကြောင့် သူတို့တွေကတော့ ဒါတွေကို ဆက်လက်လုပ်နေမှာ ဖြစ်တယ်။” 

ရှင်သန်လွတ်မြောက်လာသူတွေအနေနဲ့လည်း အကူအညီတွေရယူနိုင်ဖို့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ရင်ဆိုင်ကြုံတွေ့နေရတာတွေကို သတ္တိရှိရှိ ဖော်ထုတ်ပြောကြဖို့ လိုအပ်သလို အမျိုးသမီးအဖွဲ့အစည်းတွေတခြား LGBT လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ (အမျိုးသားတွေ)အတွက် သက်သောင့်သက်သာ ရှိနိုင်တဲ့ နေရာတခု ထားပေးဖို့ လိုတယ်လို့မြင်မိကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ လရိပ်က ပြောပါတယ်။

AAPP အနေနဲ့တော့ လက်ရှိမှာ အဆိုပါဖြစ်ရပ်တွေကို စနစ်တကျ သိမ်းဆည်းထားပြီး အဆိုပါမှတ်တမ်းတွေကနေ တချိန်ချိန်မှာ ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်တဲ့ မှတ်တမ်းတွေ ဖြစ်လာနိုင်ဖို့ ဆောင်ရွက်နေသလို ကျူးလွန်ခံရတဲ့ ဘယ်သူမဆို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရပြီ ဆိုရင် အဲဒီစိတ်ဒဏ်ရာတွေကို ဖြေလျှော့နိုင်ဖို့ individual counselling (တဦးချင်း နှစ်သိမ့်အကြံပေး ဆွေးနွေး)တာတွေ လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ကိုအောင်မျိုးကျော်က ပြောပါတယ်။

“ကျနော်တို့ဆီမှာ counselling  department( နှစ်သိမ့်ဆွေးနွေးအကြံပေး) ဌာန သီးသန့် ရှိပါတယ်။ အဲဒီက senior counsellor တွေကနေ သူတို့စိတ်ဒဏ်ရာတွေ ဖြေလျှော့နိုင်ဖို့ နည်းလမ်းပေးတာ၊ လေ့ကျင့်ပေးတာတွေလုပ်ပြီး သူတို့ကို counselling လုပ်ပေးတာတွေ ပြုလုပ်ပေးနေပါတယ်။ လောလောလတ်လတ် လုပ်ပေးနိုင်တဲ့ အခြေအနေကပဲနေ လုပ်ဆောင်ပေးနေပါတယ်။” 

Counselling ဆိုတာကလည်း ကာယကံရှင်ကိုယ်တိုင်က စိတ်အခြေအနေကို ထုတ်ပြောလာမှ လုပ်ပေးလို့ရတာကြောင့် ကျူးလွန်ခံရသူတွေကို ထုတ်ပြောစေချင်ကြောင်း ဆွေးနွေးမှုတိုင်းက confidential ဖြစ်တာကြောင့် ပွင့်လင်းစွာထုတ်ပြောနိုင်ကြောင်း သူက ဆက်ပြောပါတယ်။

“ဒီလိုကိစ္စမျိုးတွေက အဓိက အာဏာရှင်နိုင်ငံတွေမှာ ရှိနိုင်တယ်။ အာဏာရှင်ဆိုတာက ဘာမှကို ကြည့်တာ မဟုတ်ဘူး။ သူတို့ လိုချင်တာ၊ သူတို့ သတင်းအချက်အလက်ရနိုင်ဖို့၊ သူတို့ကို လူတွေ အမြဲကြောက်နေဖို့ လူတွေကို ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက် ဖိနှိပ်မှာပဲ။ ခုလို အမျိုးသားတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ကိစ္စတွေသည် အာဏာရှင် နိုင်ငံတွေမှာ ရှိနိုင်တဲ့ အခြေအနေတွေပါ။ ကျနော်တို့ နိုင်ငံကတော့ ခုချိန်မှာ ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်နိုင်ငံ ဖြစ်နေတာကိုး။ ဒါကြောင့် ပြောနိုင်တာတော့ ကျနော်တို့နိုင်ငံမှာတော့ သေချာပေါက် ရှိတယ်။ ထောင်တွေထဲမှာလည်း ရှိသလို စစ်ကြောရေးစခန်းတွေမှာလည်း ရှိနေပါတယ်။”

ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးတွေက လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတဲ့ အမျိုးသားတွေကိုလည်း အသံထုတ်ပေးကြဖို့ စာနာပေးကြဖို့ လူမှုအသိုက်အဝန်းမှာ တာဝန်ရှိလာပါတယ်။ 

ခင်နှင်းဖြူစိုး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013