
ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေတာ ၂ ပတ်ကျော်ခန့်ရှိလာပြီး မရှီကထောင်ရပ်ကွက်အပါအဝင် ကျေးရွာ ၃ ရွာက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစတင်ပြီး ဖားကန့် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်ကို စစ်ရေးဗျူဟာ ဦးတည်လာပြီး မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ်လမ်းကြောင်းကို အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာတာ ခုဆို နှစ်ပတ်ကျော်ခန့်ကြာမြင့်လာပြီ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တိုက်ပွဲဖြစ်နေတဲ့ မရှီကထောင်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေ မဝင်ရောက်နိုင်ဖို့ ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်တဲ့ နှစ်ပတ်အတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၂၀ ခန့်ကိုလည်း KIA ဘက်က ဖမ်းဆီးရမိခဲ့ပါတယ်။
မရှီကထောင်ကျေးရွာဘက်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာ နှစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဖားကန့်မှာက ဇန်နဝါရီ ၃၀ ရက်နေ့ကနေဆိုရင် ၂ ပတ်ကျော်ပြီ။ လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် စစ်တပ်က ရှေ့မတိုးနိုင်ဘူး။ တိုက်ပွဲက ပြင်းထန်လာလိုက် ပြန်ရပ်သွားလိုက်နဲ့။ စစ်တပ်က ရှေ့မတိုးနိုင်တော့ လေကြောင်းပစ်ကူတွေလည်း မကြာမကြာ လာတယ်။ ဒီနှစ်ပတ်ကျော်အတွင်း ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ထုတာ အလုံးရာကျော်ပြီ။ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်။ တချို့က စစ်ရှောင်ကြတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် မနက်အစောပိုင်း ၂ နာရီခန့်မှစတင်ပြီး ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ(ခေါ်) ခွန်ဆာကုန်းရှိ လုံးခင်းနယ်မြေရဲစခန်းကို KIA ပူး ပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ လုံးခင်းနယ်မြေ ရဲစခန်းတခုလုံးကို ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။
ခမရ ၃၈၁ တပ်ရင်းက ဦးဆောင်တဲ့ စစ်အင်အားရာနဲ့ချီ စစ်ကြောင်းဟာ မရှီကထောင်အနောက်ဘက်ခြမ်း ဆုတောင်းကုန်း ခြေရင်းအောက်ပတ်လည်တွေမှာ ဝင်ရောက်နေရာယူထားသလို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတချို့မှာလည်း ဝင်ရောက်နေရာယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲနေရာနဲ့ ထိစပ်နေတဲ့ မရှီကထောင်ရပ်ကွက်၊ ထုံးဘိုနဲ့ ဂျမ်ဂတ်ကျေးရွာက ပြည်သူတွေတချို့ စစ်ဘေးတိမ်းရှောင်နေရပြီး နေရာအခက်အခဲဖြစ်နေကြတယ်လို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။
“စစ်တပ်က မရှီကထောင်ဘက် ထိုးလာတော့ မရှီကထောင်က နေလို့ မရတော့ဘူး။ ဆုတောင်းကုန်း ပတ်လည်မှာ သူတို့ နေရာယူထားတာ။ KBC ရုံးဝန်ထမ်းတွေနေဲ့ အဆောက်အဦကလည်း ဆုတောင်းကုန်းတောင်ခြေရင်းမှာ ရှိတာ။ အဲ့မှာလည်း သူတို့နေရာယူလိုက်ပြီ။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးကျပေါက်ကွဲတာတွေ ရှိတော့ မရှီကထောင်အပြင် ထုံးဘိုနဲ့ ဂျမ်ဂတ်ကလည်း ပြည်သူတချို့ ရှောင်ကြတယ်။ မရှီကထောင်နဲ့ နီးတဲ့အပိုင်းတွေက ရှောင်ကြတာ။ တချို့က မြို့နီးစပ်ရာရှောင်ကြတယ်။ တချို့က မြို့ပေါ်ရှောင်ကြတာ။ ဖားကန့်မှာက အရင်ကတည်းက စစ်ရှောင်တွေလည်း ရှိတော့ နောက်ပိုင်းတိမ်းရှောင်တဲ့ စစ်ရှောင်တွေက နေရာအခက်အခဲ ဖြစ်လာကြတယ်။”
ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွေအတွင်း တိုက်ပွဲကြောင့် တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေကို ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့တွေက အပြည့်အဝကူညီစောင့်ရှောက်ပေးဖို့ ခက်ခဲနေတဲ့ အခြေအနေမှာ အခုပြန်ပြီး တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကို လက်မခံနိုင်တော့တာကလည်း လက်ရှိ စစ်ဘေးရှောင်လာသူတွေအတွက် နေရာအခက်အခဲတွေ ရှိနေပါတယ်။
ဖားကန့်မှာ တိုက်ပွဲပြန်ဖြစ်တဲ့ နှစ်ပတ်အတွင်း နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။
ဟန်န


