
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမော်ရွာမှာ ဖေဖော်ဝါရီ ၁၆ ရက် ညက မြေစာပုံတခု ပြိုကျတာကြောင့် ရေမဆေးသမား ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၇ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၉ နာရီကျော်မှာ ကုဋေမော်က စွန့်ပစ် မြေစာပုံတခု ပြိုကျတဲ့အထဲ ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ခန့် ပါသွားပြီး ၁၀ ယောက်ခန့်သာ ထိခိုက်ဒဏ်ရာတွေနဲ့ လွတ်မြောက်လာခဲ့ပေမဲ့ ၇ ယောက်ထက်မနည်း ပျောက်ဆုံးနေဆဲပဲလို့ ဆိုပါတယ်။
ရေမဆေးသမားတယောက်က “ပါသွားတာ လူပေါင်း ၂၀ လောက် ပါတယ်။ ၂၀ မှာ ၁၀ ယောက်လောက်က ရေကူးပြီး ပြန်တက်ခဲ့တယ်။ ကျန် ၁၀ လောက်က မတွေ့ရဘူး။ မြေစာပြိုပြီး လက်ကျိုးသွားတဲ့ ကောင်လေးပြောတာကတော့ ၇ ယောက်လောက်ပဲ ကျန်တယ်။ ကျန်တာ ကျနော်တို့ အကုန်လုံး ပြန်တက်နိုင်ခဲ့တယ်တဲ့” လို့ ပြောပါတယ်။
မြေစာ ပြိုကျတာကြောင့် ထိခိုက်ခဲ့သူတွေကို ဖားကန့် ဆေးရုံကြီးမှာ ဆေးကုမှု ခံယူနေပြီး ပျောက်ဆုံးနေသူတွေကို ဒီမနက်အထိ ရှာဖွေရေးတွေ ဆက်လုပ်နေပေမဲ့ မြေစာနွံထဲ နှစ်မြုပ် ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်လည်တူးဖော်နိုင်ဖို့ရာ ခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ဖားကန့်က ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်တွေဟာ နေ့ည မပျက် စက်ယန္တရားတွေနဲ့ တူးဖော်နေကြပြီး စွန့်ပစ် မြေစာတွေကိုလည်း စနစ်တကျ စွန့်ပစ်တာ မရှိဘူးလို့ ဆိုပါတယ်။
အရင် NLD အစိုးရလက်ထက်မှာ ရေးမဆေးသမားတွေကို ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ထဲအထိ အချိန်အကန့်သတ်နဲ့ ကျောက်ရှာဖွေခွင့် ရခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် ကုမ္ပဏီဝင်းထဲ အချိန်နဲ့ ကျောက်ရှာဖွေခွင့် မရတော့တဲ့ ရေမဆေးသမားတွေဟာ စွန့်ပစ်မြေစာပုံတွေမှာပဲ ရောင်းတန်းဝင်တဲ့ ကျောက်စိမ်းကောင်းတလုံးရဖို့ အသက်နဲ့ ရင်းကာ ရှာဖွေနေကြတာ ဖြစ်ပါတယ်။
ဖားကန့်မြို့မှာ နှစ်စဉ် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမားတွေ အသက်ဆုံးရှုံး ထိခိုက်နေကြသလို ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခကြားမှာ နှစ်ဖက်တပ်တွေရဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေကိုလည်း ရေမဆေးသမားတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။


